အခုရွေးကောက်ပွဲမှာ မဲစာရင်းကောက်ယူမှုပုံစံပြောင်းလဲခဲ့လို့ အမှားအယွင်းတွေရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်စာရင်းကို ပုံစံအသစ်နဲ့ ကောက်ယူခဲ့တဲ့အတွက် မှားယွင်းမှုတွေရှိပေမဲ့လည်း ပြည်သူ ၇သန်းနီးပါး မဲစာရင်းလာကြည့်တဲ့အပြင် စာရင်းမဖောင်းပွတဲ့အတွက် အားရကျေနပ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က ပြောလိုက်ပါတယ်။

ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့မနက်ပိုင်းက ပြုလုပ်တဲ့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အွန်လိုင်းဆွေးနွေးပွဲမှာ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတင်ပြခဲ့တာဖြစ်ပါတယ်။



“မဲစာရင်းမှားယွင်းတာတွေ တစ်ဖက်မှာရှိပေမဲ့ မနေ့က (သြဂုတ် ၄ရက်) အထိ လာကြည့်သူ ၆သန်း ၆ သိန်းကျော်ရှိတယ် ။ တစ်ခါမှ အဲဒီလို မကြည့်ဖူးကြဘူးခင်ဗျ။ မနေ့ကအထိအဲဒီလောက်ဆိုတော့ တော်တော်လေး အားရကျေနပ်မိပါတယ်။” လို့ ဦးမြင့်နိုင်က ပြောပါတယ်။

အဆိုပါ ၆ သန်း ၆ သိန်းကျော်ထဲမှာ ပုံစံ (၃) နဲ့ တောင်းဆိုတာက ၂ သိန်း ၁ သောင်းကျော်၊ ပုံစံ (၄) နဲ့ ကန့်ကွက်တာ ၆ သောင်း ၆ ထောင်ကျော်၊ အချက်အလက်မပြည့်စုံတဲ့အတွက် ပြင်ပေးဖို့ ပုံစံ (၄) (ဂ) နဲ့တင်ပြလာတာက ၁ သိန်း ၅ သောင်းကျော်ရှိတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုပါတယ်။

ဓာတ်ပုံ- ဒီနေ့ သြဂုတ်လ ၅ ရက်က ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အွန်လိုင်းဆွေးနွေးပွဲ

လက်ရှိ မဲစာရင်းတွေ ထုတ်ပြန်ကြေညာရာမှာ အမှားအယွင်းတွေ ရှိနေတာကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြမေးမြန်းခဲ့ရာမှာ အခု ၂၀၂၀ ရွေးကောက်ပွဲဟာ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတွေလိုမဟုတ်ဘဲ မဲစာရင်းကောက်ယူမှုပုံစံ ပြောင်းလဲခဲ့တဲ့အကြောင်း ဦးမြင့်နိုင်က ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

“အိမ်ထောင်စုစာရင်း ပုံစံ၆၆/၆ နဲ့ကောက်ရာမှာ အိမ်ထောင်စုစာရင်းရှိနေပေမဲ့ လူတွေက ဒီနေရာမှာ ရှိမနေဘူး။ မဲဆန္ဒရှင်ရှိနေပေမဲ့ သူ့မှာ ၆၆/၆အိမ်ထောင်စုစာရင်းပုံစံက မရှိဘဲဖြစ်နေပါတယ်။ တချို့ကြ အိမ်ထောင်စုစာရင်းက ဒီလည်းရှိ၊ ဟိုနေရာလည်းရှိ တွေ့ရပါတယ် ။ ဒါကြောင့် အခုက အိမ်ထောင်စုစာရင်းကိုလည်း အခြေခံပြီးကောက်တယ် ။ အမှန်တကယ်လူနေတာကိုလည်း စာရင်းကောက်ပါတယ်။ အခုစာရင်းကောက်တဲ့နည်းကိုတော့ ကျွန်တော်တော်တော်သဘောကျပါတယ် “ လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ် ။ 

ဒါ့အပြင် လက်ရှိမဲဆန္ဒရှင်စာရင်းမှာ မပါဝင်တဲ့အတွက် ပြန်လည်လျှောက်ထားသူများကိုလည်း လူဝင်မှုကြီးကြပ်ရေး၊ အထွေထွေအုပ်ချုပ်ရေး၊ ရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းစိစစ်ပြီး ဖြည့်သွင်းမယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အတည်ပြု ကြေညာပြီးတဲ့အချိန်မှာလည်း မဲဆန္ဒရှင်စာရင်းတွေကို ကိုယ်စားလှယ်တွေဆီ ပေးသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုပါတယ် ။ 

ဒီကနေ့ ဆွေးနွေးပွဲအပြီးမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မဲစာရင်းမှားယွင်းမှုတွေအတွက် လာရောက်ကြည့်ရှုသူ များပြားတာဟာ အလွန်ကောင်းတဲ့ လက္ခဏာဖြစ်ပြီး ပြည်သူတွေက ရွေးကောက်ပွဲရဲ့ အရေးပါမှုကို သိရှိတဲ့အပြင် စိတ်ဝင်စားမှုရှိတဲ့အတွက် အခုရွေးကောက်ပွဲ အောင်မြင်နိုင်မယ်လို့ ယုံကြည်တယ်လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က