ချဲလ်ဆီးပရိသတ်တွေဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးကနေ ယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့တဲ့ မေဆင်မောင့်ကို အခဲမကြေနိုင်သေးကြောင်း သိရှိရပါတယ်။ မေဆင်မောင့်ဟာ ပြောင်းရွှေ့ကြေး ပေါင် (၅၅) သန်းနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်ထံ ပြောင်းရွှေ့ရောက်ရှိသွားခဲ့တာပါ။
အသင်းရဲ့အကယ်ဒမီထွက် ကစားသမား၊ ပရိသတ်တွေရဲ့ သည်းခြေကြိုက် ကစားသမား အခုလိုမျိုး ထွက်ခွာသွားမှုက ချဲလ်ဆီးပရိသတ်တွေအတွက် နာကျည်းစရာဖြစ်နေပါတယ်။ အဲ့ဒါကြောင့်လည်း ချဲလ်ဆီးပရိသတ်အချို့က မေဆင်မောင့်ရဲ့ အိမ်ရှေ့အထိ သွားရောက်ကာ အခုလိုမျိုး လှောင်ပြောင်အော်ဟစ်ခဲ့တာပါ။
ချဲလ်ဆီးပရိသတ်တွေက “ပို့စ်မောက်ကနေလာပြီး ပိုက်ဆံထုပ်ဆွဲထွက်သွားတာက ဘယ်သူလဲ။ မေဆင်မောင့်ဆိုတာ သူ့နာမည်ပဲ။ သူ့မှာ ဦးနှောက်မရှိဘူး၊ သူက ဘယ်တော့မှ ဖလားတွေထပ်ရနိုင်တော့မှာ မဟုတ်ဘူး” ဆိုတဲ့ သီချင်းစာသားတွေကို အော်ဟစ်သီဆိုခဲ့ကြပါတယ်။ မေဆင်မောင့်ဟာ ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ကို ပြောင်းရွှေ့ချိန်မှာ မေဆင်မောင့်နဲ့ သူ့အဖေက ယူနိုက်တက်ဟာ သူတို့ရဲ့အိမ်လိုပဲလို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒါကလည်း ချဲလ်ဆီးပရိသတ်တွေရဲ့ ဒေါသကို ပိုမိုကြီးထွားစေခဲ့ပြီး အခုလိုမျိုး မေဆင်မောင့်ရဲ့ အိမ်ရှေ့အထိ အရောက်သွားခဲ့ကြတာပါ။
မေဆင်မောင့်ကလည်း လက်ရှိအချိန်မှာ ယူနိုက်တက်အတွက် ဂိုးသွင်း၊ ဂိုးဖန်တီးမှု ပြုလုပ်ထားခြင်းမရှိသေးဘဲ ဒါကိုလည်း ချဲလ်ဆီးပရိသတ်တွေက လှောင်ပြောင်နေကြပါတယ်။ ဒါပေမယ့် လက်ရှိရာသီ ပရီးမီးယားလိဂ်မှာတော့ ချဲလ်ဆီးတို့က နှစ်ပွဲကစားပြီးချိန်မှာ နိုင်ပွဲတစ်ပွဲမှ မရရှိသေးပါဘူး။