ယူနိုက်တက် အဝတ်လဲခန်းထဲက ဗီဒီယိုထွက်ပေါ်လာခဲ့တာပါ။

ယူနိုက်တက်ဟာ မေဆင်မောင့် အသင်းကို ရောက်လာပြီး ပထမဆုံး အခိုက်အတန့်တွေအဖြစ် နောက်ကွယ်ကဖြစ်ရပ်တွေကို အသင်းရဲ့ တရားဝင် YouTube Channel ကတစ်ဆင့် ထုတ်လွှင့်ပြသခဲ့ပါတယ်။ မေဆင်မောင့် ချဲလ်ဆီးကနေ ယူနိုက်တက်ကို ပြောင်းရွှေ့သွားကတည်းက ဒေါသထွက်နေတဲ့ ချဲလ်ဆီးပရိသတ်တွေအတွက် အခု ဒီဗီဒီယိုက ပိုမိုဒေါသထွက်စရာဖြစ်လာခဲ့ပါတယ်။



မေဆင်မောင့်ဟာ ချဲလ်ဆီး လူငယ်ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းမှာ (၁၈) နှစ်ကြာ ရှိခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် သူက ချဲလ်ဆီးပရိသတ်တွေကို နှုတ်ဆက်မယ့် ဗီဒီယိုကို အစောကြီးကတည်းက ကြိုတင်ရိုက်ကူးထားခဲ့ပြီး ယူနိုက်တက်ကို ရောက်ရှိလာချိန်မှာ သူ့ရဲ့ ဆံပင်အရောင်က သိသာ ကွဲပြားနေပါတယ်။

အခု ယူနိုက်တက်တို့ ဖော်ပြခဲ့တဲ့ ဗီဒီယိုမှာလည်း မေဆင်မောင့်နဲ့အတူ သူ့ရဲ့အဖေလည်း ပါဝင်ခဲ့ပြီး ဒီဗီဒီယိုက (၁၃) မိနစ် ကြာမြင်ခဲ့ပါတယ်။ ဒီဗီဒီယိုထဲမှာ မေဆင်မောင့်ရဲ့အဖေ တိုနီက “မေဆင်ရေ... ဒီ အဝတ်လဲခန်းက ငါတို့ရဲ့ အိမ်ပဲကွ။ မင်းငယ်ငယ်က ငါ ဒီကို ခေါ်လာခဲ့တုန်းက ဒါမျိုးဖြစ်လာမယ်လို့ ဘယ်သူက ထင်မှာလဲကွာ" လို့ ပြောကြားခဲ့ပါတယ်။ မေဆင်မောင့်ကလည်း “ကျွန်တော် သိပါတယ်။ ဒါက တကယ့်ကို စပါယ်ရှယ်နေရာပဲဗျာ” လို့ ပြောကြားရင်း သားအဖနှစ်ယောက် ကြည်နူးနေခဲ့ကြတာပါ။

ချဲလ်ဆီးပရိသတ်တွေကတော့ ဒီဗီဒီယိုကို မြင်တွေ့ခဲ့တဲ့နောက် မေဆင်မောင့်ကို ပိုမို မုန်းတီးလာခဲ့ကြပြီး ကစားသမားရဲ့အဖေဖြစ်သူပါ ချဲလ်ဆီးပရိသတ်တွေရဲ့ မုန်းတီးခံစာရင်းထဲ ပါဝင်သွားခဲ့ပါတယ်။ ပရိသတ်တစ်ယောက်က “အခုဆိုရင် မေဆင်မောင့်က ကော်တွိုက်စ်နဲ့ တစ်သားတည်း ဖြစ်သွားပါပြီ” “စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးနဲ့ ယူနိုက်တက်ကန်တဲ့အခါ တော်တော်လေး ကိုးလို့ကန့်လန့်နိုင်တော့မှာပါ”

“ချဲလ်ဆီးပရိသတ်တွေက လပေါင်းများစွာကြာအောင် မေဆင်မောင့်ကို ကာကွယ်ခဲ့ကြပါတယ်။ သူ့ကို ကာကွယ်ဖို့အတွက် ဘိုလေကစလို့ ရီစီဂျိမ်းစ်အထိ အသင်းမှာရှိတဲ့ လူတိုင်းကို ကျိန်ဆဲခဲ့ကြတာပါ” လို့ ပြောကြားခဲ့ပါတယ်။ မေဆင်မောင့်ရဲ့ အဖေ တိုနီဟာ အပြောင်းအရွှေ့အတွက် အဆင်ပြေအောင် ကြားဝင်ညှိနှိုင်းပေးခဲ့သူတစ်ယောက်ဖြစ်ပြီး နှစ်သင်းကြား ပြောင်းရွှေ့ကြေးအတွက် တင်းမာနေချိန်မှာ ဘိုလေတို့ကို ဖုန်းဆက်ပြီး ပြောင်းရွှေ့ကြေး ညှိနှိုင်းပေးခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က