မေဆင်မောင့်ကို ဝေဖန်ခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ ဝါရင့်တိုက်စစ်မှူးဟောင်းကြီး အဘွန်လဟော်က ယူနိုက်တက်တို့ ခေါ်ယူထားတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မေဆင်မောင့်နဲ့ ပတ်သက်လို့ ထိုးနှက်ပြောကြားသွားခဲ့ပါတယ်။ အဘွန်လဟော်က အက်စတွန်ဗီလာမှာသာဆိုရင် မေဆင်မောင့်ကို အရန်ခုံမှာတောင် ထိုင်ခိုင်းမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာပါ။



မေဆင်မောင့်ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ပေါင် (၅၅) သန်း နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာပါ။ ရာသီကြိုခြေစမ်းပွဲတွေမှာတော့ မေဆင်မောင့်က အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိသလို ဂိုးလည်း မဖန်တီးနိုင်ခဲ့ပါဘူး။

အဲ့ဒါကြောင့်လည်း မေဆင်မောင့်ကို ဝေဖန်မှုတွေရှိနေပြီး အဘွန်လဟော်ကပါ အခုလိုမျိုး ထပ်လောင်း ပြောကြားလာခဲ့တာပါ။ အဘွန်လဟော်က “မေဆင်မောင့်က အက်စတွန်ဗီလာမှာတောင် အရန်ခုံနေရာရမှာ မဟုတ်ဘူး ကိုယ့်လူရေ။ သူက လူစားဝင်ရရင်တောင် နောက်ဆုံးမှပဲ ဖြစ်မှာ။ ခင်ဗျား လာနောက်နေတာလား?”

“ကျွန်တော်ကတော့ မေဆင်မောင့်ထက်စာရင် မက်ဂင်းကိုပဲ ဦးစားပေး ရွေးချယ်သွားမှာပါ။ အပတ်တိုင်းအတွက်ပေါ့။ လူတိုင်းလည်း ဒါမျိုးလုပ်မယ်ထင်ပါတယ်။ မက်ဂင်းက တကယ်ကို ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အဘွန်လဟော်ဟာ အရင်ကလည်း ယူနိုက်တက် ကစားသမားတွေနဲ့ ပတ်သက်လာရင် ဝေဖန်ထိုးနှက်လေ့ရှိပါတယ်။

မေဆင်မောင့်ဟာ ချဲလ်ဆီးအကယ်ဒမီထွက် တစ်ယောက်ဖြစ်ပြီး ချဲလ်ဆီးကနေ ထွက်ခွာလာချိန်မှာ ပရိသတ်တွေရဲ့ ဒေါသနဲ့လည်း ရင်ဆိုင်ခဲ့ရပါသေးတယ်။ လက်ရှိအချိန်မှာတော့ ဒီကစားသမား တန်ဟက်ခ်ရဲ့ အသင်းမှာ ပွဲထွက်ခွင့်ရရှိဖို့ သေချာနေပြီး ရာသီသစ်စချိန်မှာ မေဆင်မောင့် ခြေစွမ်းပြနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က