“ငါသာမင်းလောင်း ထီးဖြူဆောင်း” Twitter မရှိရင် ဘုရင် ဖြစ်မယ့် Meta ကို ဘယ်သူ သရဖူဆောင်းပေးမလဲ? ဒီမေးခွန်းက ပြိုင်ဖက် မရှိရင် အဓိပ္ပာယ်မဲ့လို့ Elon Musk ပြောလိုက်သလို ထိုးသတ်ပွဲထက် ပိုစိတ်ဝင်စားဖို့ ကောင်းနေပါပြီ။
Threads ကို မိတ်ဆက်လိုက်တဲ့ ဇူလိုင် 5 ရက်မှာ လူမှုကွန်ရက် နယ်ပယ်ထဲ ဂယက်ထခဲ့ပြီး နာမည်ကျော် Celebrities ၊ Content Creator တို့နဲ့ ဦးဆောင် ကြော်ငြာခဲ့တဲ့ Meta လုပ်ရပ်အပေါ် အမြင်ကတ် ပုဒ်မ တပ်လိုက်တယ်လို့ သုံးသပ်ရမှာပါ။
တကယ်တော့ Twitter ကို ဘယ်လိုမှ မယှဥ်နိုင်တဲ့ Threads ကို ရည်ရွယ်တာ မဟုတ်ပေမယ့် မူပိုင်ခွင့် ကိစ္စ ၊ ကုမ္ပဏီ အတွင်းရေးနဲ့ ပတ်သက်ပြီး ကိုယ့်စည်းတွင်းမှာ နေဖို့ သတိပေးတဲ့ သဘောပါ။
ဒါနဲ့ ပတ်သက်ပြီး Meta CEO “Mark Zuckerberg” ကို “Twitter လျှို့ဝှက်ချက်နဲ့ ကုမ္ပဏီ အတွင်း အချက်လက်ကို သုံးပြီး Threads ကို ဖန်တီးခဲ့တဲ့ အပေါ် တရားစွဲလို့ရတယ်” ဆိုပြီး ရှေ့နေဖြစ်သူ Alex Spiro ပြောလိုက်တာပါ။
Elon Musk ရှေ့နေလည်းဖြစ်တဲ့ Spiro ဟာ Quinn Emanuel ရှေ့နေအဖွဲ့ရဲ့ Partner လည်းဖြစ်ပြီး သူ့အနေနဲ့ “Twitter ဝန်ထမ်းဟောင်းတွေ Meta ငှားပြီး Threads ကို တည်ထောင်ခဲ့တယ်” လို့ ဆိုထားပြန်ပါတယ်။
ဒီစွဲဆိုချက်ဟာ အထူးဆန်း မဟုတ်လှပေမယ့် Twitter ကို Elon Musk ဝယ်လိုက်တဲ့နောက် ဝန်ထမ်းတွေကို ပယ်ပယ်နယ်နယ် အလုပ်ဖြုတ်ပစ်ခဲ့တာနဲ့ ဆက်စပ်မှုရှိတာ အရင်ကတည်းက သိနှင့်ပြီးသားပါ။
သို့ပေမယ့် Twitter ကို ပုံတူကူးချပြီး ဖန်တီးမှုမှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတချို့မှာ ကုမ္ပဏီ လျှို့ဝှက်ချက်နဲ့ ကန့်သတ်ထားတဲ့ အချက်လက်တွေ ရနေဆဲ ဖြစ်တာမို့ ဥပဒေ ဘောင်အတွင်းက လုပ်ပိုင်ခွင့်ရှိတာကို ပြောလိုက်တာပါ။
ဒါကြောင့် Twitter ကို ခုတုံးလုပ်ပြီး အရေးပါတဲ့ အချက်လက် နှိုက်တဲ့ လုပ်ရပ်ကို ရပ်တန့်ဖို့ အသိပေးတာနဲ့ အတူတူ ဖြစ်ပြီး “Threads အင်ဂျင်နီယာ တစ်ယောက်မှ Twitter ဝန်ထမ်းဟောင်း တစ်ယောက်မှ မပါဘူး” လို့ Meta တုံ့ပြန်ထားပါတယ်။
2023 မေတုန်းက ကုမ္ပဏီ API ငြိတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး Microsoft ကို Twitter တရားစွဲခဲ့ပြီး အဲ့ခုတခေါက် ဖြစ်တဲ့ ကိစ္စမှာ Meta စိတ်ဝင်စားပုံ မရပါဘူး။
လက်ရှိမှာတော့ Threads အသုံးပြုသူ 95 သန်း ရှိနေပြီး “ပြိုင်တာ ကိစ္စမရှိဘူး ၊ လူလည်ကျတာတော့ လက်မခံဘူး” လို့ Elon Musk ပြောခဲ့ပြီး ဇူကာဘတ်နဲ့ နွဲဖို့ ပိုအားရှိတာပေါ့ လို့ ပြိုင်ဆိုင်မှု အားကောင်းတဲ့ Meta vs. Twitter အပေါ် ပြောခဲ့ပါတယ်။
Source: The Verge
Share