Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်အတွက် နောက်ထပ်ခေါင်းကိုက်စရာတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။
ကုမ္ပဏီနာမည်ကို Meta လို့ ပြောင်းပြီးနောက် ဒီမနက် ဩစတြေးလျအရှေ့ပိုင်း စံတော်ချိန် မနက် ၆ နာရီ (မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲခန့်)ဝန်းကျင်က ကမ္ဘာတလွှားမှာ Meta ပိုင် လူမှုကွန်ရက်ဝန်ဆောင်မှုတွေ သုံးမရဖြစ်သွားခဲ့တယ်လို့ The Mercury သတင်းက ဖော်ပြပါတယ်။ Meta ပိုင် Facebook ၊ Instagram ၊ Workplace Chat နဲ့ Messenger ဝန်ဆောင်မှုတွေ ပြတ်တောက်ခဲ့တာ ဖြစ်ပြီး ကွန်ရက်ပြတ်တောက်မှုဟာ တစ်ကမ္ဘာလုံးက Users တွေပေါ် သက်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
Photo: The Mercury
ဝန်ဆောင်မှုပြတ်တောက်ခဲ့တာကြောင့် သုံးစွဲသူတွေဟာ ကုမ္ပဏီပိုင် apps တွေထဲကနေ စာပို့မရတာ ကြုံခဲ့သလို Browser ကနေ Facebook ၊ Messenger ၊ Instagram website တွေထဲ ဝင်ရာမှာလည်း ဝင်မရကြောင်းမက်ဆေ့တွေ တက်လာခဲ့တယ်လို့ ဆိုပါတယ်။
"တချို့တွေ Messenger ၊ Workplace Chat နဲ့ Instagram DMs သုံးမရတဲ့ပြဿနာကြုံတာ ကျွန်တော်တို့ သိရပါတယ်။ ပုံမှန်အတိုင်း အမြန်ဆုံး ပြန်သုံးနိုင်အောင် ကျွန်တော်တို့ အလုပ်လုပ်နေပါတယ်။ အခုလို အဆင်မပြေတာအတွက် တောင်းပန်ပါတယ်"လို့ The Independent ကို ပေးပို့တဲ့ Meta ဆက်သွယ်ရေးမန်နေဂျာ အလက်ဇန်ဒရူး ဗွိုက်စာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Meta ပိုင် ဝန်ဆောင်မှုပြတ်တောက်တဲ့ ဖြစ်ရပ်ကို ဩစတြေးလျ ၊ ဥရောပနဲ့ ဗဟိုအမေရိကတို့မှာ ကြုံခဲ့ဖွယ်ရှိတယ်လို့ DownDetector ပေါ်တက်လာတဲ့ reports တွေက ပြောပြနေပါတယ်။ ပြတ်တောက်ရတဲ့အကြောင်းရင်းတော့ မသိရသေးပေမယ့် လက်ရှိမှာ Meta ပိုင် ဝန်ဆောင်မှုတွေ ပြန်သုံးနိုင်ပြီလို့လည်း ဆိုပါတယ်။ အခုတစ်ခေါက် Meta လူမှုကွန်ရက်တွေ ပြတ်တောက်တာဟာ တစ်လအတွင်း သုံးကြိမ်မြောက် ကြုံတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။
Photo: The Mercury
အောက်တိုဘာလထဲမှာကို Facebook ၊ Instagram ၊ WhatsApp စတဲ့ လူမှုကွန်ရက်ဝန်ဆောင်မှုတွေ နှစ်ကြိမ်တိုင် ပြတ်တောက်ခဲ့ပြီး အောက်တိုဘာလ ၄ ရက် ပထမတစ်ခေါက်မှာ ၆ နာရီကျော်ကြာ စံချိန်တင်ပြတ်တောက်ခဲ့တာပါ။ အဲ့ဒီအချိန်ကတော့ Configuration ပြောင်းတာကြောင့် Facebook ၊ Instagram ၊ WhatsApp နဲ့ Messenger ဝန်ဆောင်မှုတွေ သုံးမရဖြစ်ခဲ့တာ ဆိုပြီး ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။
ကမ္ဘာအဝန်း ၆ နာရီကြာ Facebook ပိုင်လူမှုကွန်ရက်ဝန်ဆောင်မှု ပြတ်တောက်ချိန်မှာ ကုမ္ပဏီအမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်လည်း ဒေါ်လာ ၆ ဘီလျံနီးပါး ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ Facebook ဟာ ၂၀၁၉ ခုနှစ်မှာလည်း ၁၄ နာရီကျော်ကြာ ပြတ်တောက်မှု ဖြစ်ပွားခဲ့ပါတယ်။