ကုမ္ပဏီနာမည်ပြောင်းပြီး Metaverse နဲ့ VR ဆက်သွယ်ရေးဘက် အာရုံစိုက်လာတဲ့ Meta အတွက် သတင်းကောင်းတစ်ခုပါ
Meta ဟာ ကုမ္ပဏီကို သမရိုးကျ လူမှုကွန်ရက်ပလက်ဖောင်းအဖြစ်ကနေ နောက်တစ်ဆင့်ထပ်တက်ဖို့ ဒေါ်လာဘီလျံနဲ့ချီ ရင်းနှီးမြှပ်နှံထားပြီး ဒီထဲမှာ Quest Headset တွေအတွက် ထုတ်ထားတဲ့ Horizon Worlds လို့ ခေါ်တဲ့ Social VR Platform တစ်ခုလည်း ပါဝင်ပါတယ်။ Horizon Worlds ဟာ Meta ရဲ့ Metaverse စီမံကိန်းမှာ အရေးပါတဲ့ အုတ်မြစ်တစ်ခုဖြစ်တယ်လို့ မတ်ခ်ဇူကာဘတ်ခ်ကိုယ်တိုင် ပြောထားပါတယ်။
Photo: vr-expert
အခုတစ်ပတ်ဆန်းမှာ လုပ်သွားတဲ့ Meta ရဲ့ အွန်လိုင်းမျက်နှာစုံညီတွေ့ဆုံပွဲမှာ ကုမ္ပဏီရဲ့ ထုတ်ကုန်ရေးရာအမှုဆောင်အရာရှိချုပ် ခရစ္စ ကော့ချ်က ထုတ်ပြန်ခြင်း မပြုရသေးတဲ့ Horizon ရဲ့ အသုံးပြုသူဖွံ့ဖြိုးမှုအချက်အလက်တွေ ကြေညာပါတယ်။ ကော့ချ်ရဲ့ အဆိုအရ Horizon Worlds ကို အမေရိကန်နဲ့ ကနေဒါဈေးကွက်တွေမှာ ဒီဇင်ဘာလဆန်းပိုင်းက စတင်ပြီး Quest users တွေအတွက် စတင် ဖြန့်ချိခဲ့ရာမှာ လစဉ် အသုံးပြုသူဦးရေဟာ ၁၀ ဆ တက်ခဲ့ပြီး ၃ သိန်းအထိ ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
Meta ပြောခွင့်ရပုဂ္ဂိုလ် ဂျိုးအော့စ်ဘွန်းကလည်း ဒီလို အသုံးပြုသူတွေထဲမှာ Horizon Worlds သုံးစွဲသူတွေအပြင် ပုံတူ Avatars တွေနဲ့ အခြေခံယန္တရားတွေ သုံးတဲ့ VR ထဲက Live Events ကျင်းပရာ Horizon Venues လို သီးသန့် App သုံးစွဲသူတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။ Invite System နဲ့ VR ကွန်ဖရင့်တက်ရောက်ရတဲ့ Horizon Workrooms ထဲက အရေအတွက်အတွက်တော့ ပါဝင်ခြင်း မရှိပါဘူး။
Horizon Worlds ကို ဖြန့်ချိခြင်း မပြုခင်က ဒီပလက်ဖောင်းကို Creators တွေအတွက် Private Beta အနေနဲ့ World-Building Tools တွေ စမ်းသပ်ဖို့အတွက် ချပေးခဲ့တာပါ။ Horizon Worlds ကလည်း Microsoft ရဲ့ Minecraft လိုမျိုး လူတွေကို ကိုယ်ပိုင်ပတ်ဝန်းကျင်တွေ တည်ဆောက်ဖို့နဲ့ ကိုယ်ပိုင် avatar တွေနဲ့ ဂိမ်းကစားနိုင်ဖို့ ခွင့်ပြုထားပါတယ်။
ဒီတစ်ပတ်ထဲ Meta ရဲ့ ကြေညာချက်အရဆို Horizon Worlds မှာ ဒီနေ့အထိ သီးသန့် Worlds တွေ တည်ဆောက်နေတာ ၁၀၀၀၀ အထိ အရှိပြီလို့ ဆိုပါတယ်။ Creators တွေအတွက် Private Facebook Group ကလည်း အဖွဲ့ဝင်ပေါင်း ၂ သောင်းကျော်ရှိနေပြီလို့ ဖော်ပြထားပါတယ်။ သုံးလအတွင်း Horizon Worlds ရဲ့ တိုးတက်မှုက ချီးကျူးစရာဖြစ်ပြီး ဆက်ပြီး အချိန်နဲ့အမျှ ဖွံ့ဖြိုးတိုးတက်နေဦးမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။
Meta ဟာ ဒီနေ့အချိန်အထိ Quest Headset အလုံးရေ ဘယ်လောက်အထိ ရောင်းချပြီး ဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း ပြင်ပ Third-Party တွေရဲ့ ခန့်မှန်းချက်အရ Quest Headset ပေါင်း ၁၀ သန်းကျော် ရောင်းချပြီး ဖြစ်မယ်လို့ ယူဆထားပါတယ်။ ဒီနှစ်ထဲမှာကို Meta ဟာ မိုဘိုင်းဖုန်းတွေအတွက် Horizon ရဲ့ ဗားရှင်းတစ်ခု ဖြန့်ချိဖို့လည်း ရှိပါတယ်။