မနှစ်က အမေရိကန်နဲ့ ကနေဒါတွေမှာ ပထမဆုံးမိတ်ဆက်ခဲ့တဲ့ ပလက်ဖောင်းပါ

Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ပုံရိပ်ယောင် Social ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Horizon Worlds ကို ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ ဖြန့်ချိလိုက်ပြီလို့ ဆိုပါတယ်။ 

Meta တည်ထောင်သူ မတ်ခ်ဇူကာဘတ်က Horizon Worlds ဈေးကွက်တိုးချဲ့မှုအကြောင်းကို Facebook ပို့စ်တစ်ခုနဲ့ ကြေညာသွားတာပါ။ Horizon Worlds ဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်နဲ့ ကနေဒါဈေးကွက်တွေမှာ ပထမဆုံး ကြေညာခဲ့တဲ့ VR Platform တစ်ခုဖြစ်ပြီး ဇွန်လထဲမှာ ယူကေဈေးကွက်ထဲ ဝင်ရောက်ခဲ့ပါတယ်။ အသက် ၁၈ နှစ်နဲ့ အထက် လူမှုကွန်ရက်အသုံးပြုသူတွေကို သူတို့သူငယ်ချင်းတွေနဲ့ ပုံရိပ်ယောင် Virtual Space ထဲမှာ ဆုံတွေ့နိုင်အောင် ဖန်တီးထားတဲ့ Metaverse ပလက်ဖောင်းဖြစ်ပြီး ဒီထဲမှာပဲ ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းတွေ ဝယ်လို့ရအောင် စီစဉ်ပေးထားပါတယ်။ 





ပြီးခဲ့တဲ့ ဧပြီလထဲမှာ Meta ဟာ VR Headset မရှိဘဲနဲ့ ပုံရိပ်ယောင်ခံစားမှုအတွေ့အကြုံတွေ ရယူနိုင်မယ့် Web Version တစ်မျိုး ဖန်တီးနေကြောင်း ပြောခဲ့ပါတယ်။ Meta ဟာ VR Platform ထဲမှာ သုံးစွဲသူကိုယ်စားပြု avatars ပတ်လည် ၄ ပေအကွာ ကိုယ်ရေးကိုယ်တာအတားအဆီးတွေနဲ့ Voice Chat အသံစကားပြောဆိုမှုတွေအတွက် ထိန်းချုပ်ရေးစနစ်လိုမျိုး ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ Features တွေ ထပ်တိုးထားပါတယ်။ 

Horizon Worlds ဟာ Metaverse လို့ခေါ်တဲ့ ပုံရိပ်ယောင်ကမ္ဘာတွေ အများကြီးပါဝင်တဲ့ ကွန်ရက်စနစ်ကြီးတစ်ခုကို တည်ဆောက်ဖို့ လုပ်နေတဲ့ Meta ရဲ့ VR Social Apps တွေထဲက တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ Horizon Worlds app ကို လစဉ်အသုံးပြုဦးရေ ၃ သိန်းကျော် ရှိလာပြီလို့ Business Traverse က ဖော်ပြပါတယ်။ Facebook ကို Meta အဖြစ် တံဆိပ်ပြောင်းပြီးတဲ့နောက် Metaverse တည်ဆောက်ရေးမှာ ဒေါ်လာဘီလျံပေါင်းများစွာ ပုံအောသုံးထားပေမယ့် ၂၀၂၂ Q2 သုံးလပတ်မှာ ကုမ္ပဏီဟာ ပထမဆုံးအကြိမ် သုံးလပတ်ဝင်ငွေကျဆင်းမှုနဲ့ ကြုံတွေ့ခဲ့ပါတယ်။ 


Meta အမှုဆောင်အရာရှိချုပ် ဇူကာဘတ်ခ်ရဲ့ ၂၀၂၂ ဒုတိယသုံးလပတ် ဝင်ငွေရလဒ်ရှင်းတမ်းကြေညာချိန်မှာ Metaverse ကို တိုးချဲ့တာဟာ အကုန်အကျများတဲ့ စီမံကိန်းတစ်ခုဖြစ်ကြောင်းနဲ့ Metaverse စီမံကိန်းတွေဟာ နောက်နှစ်အတော်ကြာအောင် စွန့်စားမှုတွေ ရှိနေမယ်လို့လည်း ပြောသွားပါတယ်။ Metaverse အသွင်ကူးပြောင်းရေးနဲ့ တည်ဆောက်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့လို့ ဝမ်းသာကြောင်းနဲ့ ဒါဟာ Social Platforms တွေကနေ လူတွေရဲ့ နေထိုင်မှုတိုင်းမှာ ပိုလို့ အရေးပါလာမယ့်အကြောင်းပါ ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

"Metaverse ဟာ ကျွန်တော်တို့ရဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေကနေတစ်ဆင့် ဖျော်ဖြေရေး ၊ အလုပ်အကိုင် ၊ ပညာရေးနဲ့ ကုန်ကူးသန်းမှုအထိ ကျွန်တော်တို့ နေထိုင်မှုပုံစံတိုင်းမှာ အရေးပါလာတော့မှာပါ။ ဒါကို တည်ဆောက်တဲ့နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေရတယ်ဆိုပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ ဇူကာဘတ်ခ်က ပြောပါတယ်။ 



ဧပြီလထဲမှာ Meta ဟာ ကုမ္ပဏီရဲ့ အနာဂါတ်စီမံကိန်းကြီးဖြစ်တဲ့ Metaverse တည်ဆောက်ရေးကြောင့် ဒေါ်လာ ၃ ဘီလျံ ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း လာမယ့် ၂၀၃၀ ကစပြီး Metaverse စီမံကိန်းတွေကနေ အကျိုးအမြတ်အသီးအပွင့်ကို ခံစားရတော့မယ်လို့လည်း မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ အနာဂါတ်နည်းပညာအတွက် Metaရဲ့ Apps တွေ ဖြစ်တဲ့ Facebook ၊ WhatsApp ၊ Instagram နဲ့ Messenger တို့ဆီက ဝင်ငွေဟာ ကုမ္ပဏီရဲ့ Metaverse ဆိုင်ရာ စီမံကိန်းတွေမှာ ရံပုံငွေထည့်ဝင်ဖို့ အထောက်အကူဖြစ်မယ်လို့လည်း ဇူကာဘတ်ခ်က ထုတ်ဖော်ပြောဆိုထားပါတယ်။ 

၂၀၂၂ ပထမသုံးလပတ်အတွင်းမှာ Meta ရဲ့ VR ထုတ်ကုန်နဲ့ နည်းပညာပိုင်းဆိုင်ရာ တီထွင်မှုတွေ လုပ်ဆောင်နေတဲ့ Reality Labs ဟာ လုပ်ငန်းအရှုံး ဒေါ်လာ ၂.၉၆ ဘီလျံ ပြခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာ Reality Labs ကနေ ဒေါ်လာ ၁၀ ဘီလျံကျော်အထိ အရှုံးပြခဲ့တာ ဖြစ်ပါတယ်။ ဈေးကွက်ထဲကို Metaverse ထုတ်ကုန်တွေ မဖြန့်ချိနိုင်ခင်အထိ လုပ်ငန်းရဲ့ ဝင်ငွေနဲ့ အမြတ်အစွန်းထိခိုက်လာမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က