လာမယ့် ဧပြီလထဲမှာ HTC က Metaverse ဖုန်းတစ်မျိုး ကြေညာဖို့ ရှိနေပါတယ်။
စမတ်ဖုန်းထုတ်လုပ်ရေး လုပ်ငန်းအများစု Google ကို ရောင်းချထားတဲ့ HTC အတွက် ဒီတစ်ခေါက် ထုတ်မယ့် ဖုန်းဟာ တကယ့်ကို ခေတ်ရှေ့ပြေး High-End ဖုန်း ဖြစ်လာမှာပါ။ ကမ္ဘာပေါ်မှာ ပထမဆုံး Blockchain ဖုန်း Exodus 1 ကို ထုတ်ခဲ့တဲ့ HTC အနေနဲ့ AR / VR Applications တွေ သုံးနိုင်မယ့် အဆင့်မြင့်ဖုန်းတစ်လုံး မိတ်ဆက်သွားဖို့ ရှိတယ် ဆိုပြီး HTC အာရှ-ပစိဖိတ် အထွေထွေ မန်နေဂျာ ချားစ် ဟောင်က ဆိုပါတယ်။
Digitimes သတင်းကို ပြောတဲ့ ဟောင်ရဲ့ စကားထဲမှာ နောက်လထဲ (ဧပြီ) မှာ Metaverse ဖုန်းတစ်လုံး ကုမ္ပဏီက ကြေညာသွားမယ်လို့ ပြောပါတယ်။ ဒီဖုန်းက အဆင့်မြင့်လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ High-End ဖုန်းဖြစ်ပြီး HTC ရဲ့ ကိုယ်ပိုင်ဒီဂျစ်တယ်ကမ္ဘာတစ်ခုဖြစ်တဲ့ Viveverse ပလက်ဖောင်းနဲ့ ပေါင်းစည်းမှု လုပ်နိုင်ဖို့ ရှိပါတယ်။
၂၀၁၈ မှာ ကြေညာခဲ့တဲ့ HTC U12+ နောက်ပိုင်း Flagship ဖုန်းတွေ မထုတ်တော့တဲ့ HTC ရဲ့ Metaverse စမတ်ဖုန်းဟာ စိတ်ဝင်စားစရာ ထုတ်ကုန်တစ်ခု ဖြစ်လာနိုင်ပါတယ်။ HTC ဟာ ၂၀၁၈ ခုနှစ်မှာ ကုမ္ပဏီရဲ့ စမတ်ဖုန်းထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းအများစုကို Google ဆီ ရောင်းချခဲ့ပြီးနောက်ပိုင်း အန်းဒရိုက်ဖုန်းအနိမ့်နဲ့ အလတ်တန်းစားမော်ဒယ်တွေကိုပဲ ဈေးကွက်အကန့်အသတ်နဲ့ ထုတ်ခဲ့တာပါ။
စမတ်ဖုန်းစီးပွားရေးမှာ မထင်လောက်အောင် ထိုးကျသွားခဲ့တဲ့ HTC ဟာ Virtual Reality လို့ ခေါ်တဲ့ ပုံရိပ်ယောင်နည်းပညာသုံး Vive Headset ထုတ်လုပ်ရေးမှာ ထိပ်တန်းက ဦးဆောင်သူ ဖြစ်ခဲ့ပါတယ်။ HTC အနေနဲ့ VR လုပ်ဆောင်ချက်တွေ ပါတဲ့ ဖုန်းတစ်လုံး ထုတ်ဖို့ဆိုတာ အများကြီး အခက်အခဲ တွေ့နိုင်ပါတယ်။
Google ဟာ Android 11 ကစလို့ စမတ်ဖုန်းတွေအတွက် ကုမ္ပဏီရဲ့ Daydream VR ပလက်ဖောင်းကို ဆက်မထုတ်တော့တာ ကြောင့် ဖြစ်ပါတယ်။ နာမည်ကြီး စမတ်ဖုန်းကုမ္ပဏီ Samsung ကလည်း ၂၀၂၀ မှာ ကုမ္ပဏီရဲ့ Gear VR ပလက်ဖောင်းနဲ့ ဝန်ဆောင်မှုတွေ Support ပေးမှု ရပ်ဆိုင်းခဲ့ပါတယ်။ HTC အနေနဲ့ VR Component ပါတဲ့ ဖုန်းတစ်လုံး ထုတ်ချင်တယ်ဆိုရင် အများကြီး ကြိုးပမ်းရဖို့ ရှိပါတယ်။
လောလောဆယ် MWC 2022 ပွဲမှာတော့ HTC ဟာ ကုမ္ပဏီရဲ့ Metaverse မျှော်မှန်းချက်တစ်ခုဖြစ်တဲ့ Viverse ကို တရားဝင်ကြေညာခဲ့သလို 5G Edge Cloud နည်းပညာ ၊ ယာဉ်အတွင်း VR စနစ် နဲ့ တည်နေရာအခြေပြု ဖျော်ဖြေရေး LBE တို့ ပါဝင်တဲ့ Applications သစ်တွေလည်း မိတ်ဆက်ပြသသွားပါတယ်။