Metaverse ကမ္ဘာတစ်ခု ဖြစ်လာဖို့ ကြိုးပမ်းနေတဲ့ Facebook Reality Labs အတွက် ကုမ္ပဏီအနေနဲ့ ဒီနှစ်ထဲမှာ အနည်းဆုံး ဒေါ်လာ ၁၀ ဘီလျံ အကုန်အကျခံသွားမယ်လို့ ဆိုပါတယ်။
Facebook ဟာ AR/VR ထုတ်ကုန်တွေနဲ့ လူမှုကွန်ရက်အတွေ့အကြုံကို ဖော်ဆောင်မယ့် Metaverse တစ်ခု တည်ထောင်ရေးအတွက် လုံးပန်းနေပါတယ်။ Facebook Reality Labs ဟာ AR နဲ့ VR hardware များ ၊ ဆော့ဖ်ဝဲလ်နဲ့ content များ ဖန်တီးရေးဘက်ကို အာရုံစိုက်နေတာပါ။ တစ်နည်းအားဖြင့် Reality Labs ဟာ တချိန်မှာ VR Headset လို ထုတ်ကုန်တွေနဲ့ သုံးဖက်မြင် 3D ပုံရိပ်ယောင်အွန်လိုင်းလူမှုအတွေ့အကြုံသစ်တွေ ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။
Photo: Engadget
"ကျွန်တော်တို့ရဲ့ ဒီ ရေရှည်ရည်မှန်းချက်ကို အသက်ဝင်ဖို့ ကြိုးပမ်းသွားမှာပါ။ နောက်နှစ်တွေမှာလည်း ရင်းနှီးမြှပ်နှံမှုကို တိုးမြှင့်သွားဖို့ မျှော်လင့်ထားပါတယ်။" လို့ Facebook ကုမ္ပဏီရဲ့ တတိယသုံးလပတ်ဝင်ငွေရလဒ်စစ်တမ်းမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ Facebook Reality Labs ဌာနဟာ Oculus Quest headset နဲ့ Portal စမတ်ထုတ်ကုန်တွေ ထုတ်လုပ်နေပြီး Metaverse ဖန်တီးရေးကို ဦးတည်နေပါတယ်။ Facebook တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ဟာ ပြီးခဲ့တဲ့လတွေကတည်းက Metaverse တစ်ခု ပုံဖော်ရေးကို ဆက်တိုက်ပြောဆိုလာတာပါ။ မကြာသေးခင်ကလည်း Ray Ban မျက်မှန်ကုမ္ပဏီနဲ့ ပေါင်းပြီး Ray-Ban Stories နာမည်နဲ့ စမတ်မျက်မှန်တစ်ခု မိတ်ဆက်ထားပါတယ်။
Photo: NewsBytes
Ran-Ban Stories မျက်မှန်မှာ ဓါတ်ပုံနဲ့ ဗွီဒီယိုရိုက်ကူးမှု လုပ်နိုင်ဖို့ ကင်မရာတစ်စုံ ၊ သီချင်းနားထောင်/စကားပြောနိုင်ဖို့ မိုက်ခရိုဖုန်းနဲ့ Voice Assistant အသံစေခိုင်းမှုနည်းပညာတွေ ပါရှိပြီး ဒေါ်လာ ၃၀၀ ဈေးနဲ့ ရောင်းချထားတာပါ။ အဆင့်မြင့် VR/AR ထုတ်ကုန်တွေ သုံးပြီး ဆက်သွယ်နိုင်မယ့် Metaverse တစ်ခု ဖြစ်လာဖို့အတွက် Facebook ဟာ အဖက်ဖက်က ပြင်ဆင်ထားပြီး တလောကပဲ Metaverse တစ်ခု ဖြစ်လာဖို့ ဥရောပမှာ ပညာရှင် ၁ သောင်းကို အလုပ်ခန့်အပ်သွားမယ်လို့ ကြေညာထားပါတယ်။
မတ်ခ်ဇူကာဘတ်ကတော့ Facebook ရဲ့ အနာဂါတ်ဟာ အရွယ်ရောက် လူငယ်တွေနဲ့ Metaverse ပဲလို့ ပြောထားပါတယ်။