ပုံရိပ်ယောင်ပတ်ဝန်းကျင်ဟာ လာမယ့်ဆယ်စုနှစ်ရဲ့ အရေးပါတဲ့ စီးပွားရေးတစ်ခုဖြစ်လာနိုင်ပါတယ်။
တောင်ကိုရီးယားနည်းပညာကုမ္ပဏီ Samsung ဟာ ကုမ္ပဏီရဲ့ ပရီမီယံဖုန်းတွေကို Virtual Launch လုပ်ရာမှာ Metaverse ကိုလည်း အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ် ဖေဖော်ဝါရီ ၉ ရက် Galaxy Unpacked မိတ်ဆက်ပွဲမှာ Samsung ဟာ Galaxy S22 ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို Metaverse မှာလည်း ကျင်းပသွားခဲ့တာ ဖြစ်ပါတယ်။
Decentraland လို့ ခေါ်တဲ့ Cryptocurrency ဦးစားပေး Virtual World တစ်ခုမှာ ဖုန်းသစ်မိတ်ဆက်ပွဲကို ကျင်းပခဲ့တာ ဖြစ်ပေမယ့် လူအတော်များများက နည်းပညာသစ်နဲ့ အကျွမ်းတဝင်မဖြစ်မှုကြောင့် ဝင်ဖို့ အခက်အခဲတွေ့ခဲ့ကြတယ်လို့လည်း CNBC သတင်းက ဆိုပါတယ်။ ဗွီဒီယိုဂိမ်းကစားသူတွေအတွက် ရင်းနှီးပြီးသား အတွေ့အကြုံဖြစ်ပေမယ့် သာမန်လူတွေအတွက် ဝင်ဖို့ အခက်အခဲ ရှိခဲ့တာ ဖြစ်ပါတယ်။
Virtual ဝန်းကျင်တစ်ခုဖြစ်တဲ့ Decentraland ကို Desktop Browser ကနေ ဝင်ရတာ ဖြစ်ပြီး အသုံးပြုတဲ့ Users တွေဟာ ကိုယ်စားပြုဇာတ်ကောင် Avatar တစ်ခုဖန်တီးပြီး အထဲမှာ ဝင်ရောက်ပါဝင်ရတာပါ။ Metaverse ထဲမှာတော့ VR Headset တွေ ဒါမှမဟုတ်လည်း Smart Glasses တွေ တပ်ဆင်ထားပြီး ကိုယ်တိုင်ပါဝင်ရတဲ့ ပုံရိပ်ယောင်ကမ္ဘာကြီးအဖြစ် လှုပ်ရှားရတာ ဖြစ်ပါတယ်။
Photo: gadgetgamenews
Samsung ရဲ့ ဖုန်းသစ်မိတ်ဆက်ပွဲကို Decentraland ပေါ်မှာ တည်ဆောက်ထားတဲ့ နယူးယော့ခ်က ကုမ္ပဏီရဲ့ Flagship Center ပုံတူ ပုံရိပ်ယောင်အဆောက်အဦ Samsung 837X မှာ ကျင်းပသွားခဲ့တာပါ။ Samsung 837X မှာ ရှိတဲ့ Connectivity Theatre ထဲမှာ ပွဲကျင်းပသွားခဲ့တာ ဖြစ်ပြီး အတော်များများက ဒီအဆောက်အဦကို ရှာမတွေ့တာ ၊ ဝင်လို့ မရခဲ့တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
Decentraland နေရာထဲက တစ်ခုမှာ တချို့လူတွေ ပွဲမရအောင် ဖြစ်ခဲ့တဲ့ နည်းပညာပြဿနာတစ်ခု ဖြစ်ခဲ့တာကို Samsung ဘက်က သိရှိပြီးနောက် Twitter ပေါ်မှာ နောက်ထပ် ဝင်နိုင်မယ့်လမ်းကြောင်းတစ်ခုကို ချပြအသိပေးခဲ့တယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။