ဘယ်တော့ ထွက်မလဲ မကြေညာသေးပါဘူး

Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ဟာ Metaverse ပရောဂျက်အတွက် ထုတ်ကုန်သစ်တစ်မျိုးကို စတင်မိတ်ဆက်ပြသလိုက်ပါတယ်။ 

မတ်ခ်ဇူကာဘတ်ဟာ ပုံရိပ်ယောင်အရာဝတ္ထုတွေကို ထိတွေ့ခံစားနိုင်စေမယ့် အထိအတွေ့သိ လက်အိတ်တစ်မျိုးကို ကြေညာလိုက်တာပါ။ ဒီလက်အိတ်ဟာ ဆိုက်ဘော့တစ်ကောင်လို ခံစားရစေမယ့် ထုတ်ကုန်ဖြစ်ပြီး လက်ကနေ အထိအတွေ့အာရုံခံစားမှုကို ပေးပို့နိုင်မယ့် အသေးစား မော်တာနဲ့ အထိန်းယန္တရားစနစ် ရာပေါင်းများစွာ တပ်ဆင်ထားတယ်လို့လည်း PCMag က ဖော်ပြပါတယ်။ 





ဒီလက်အိတ်ဟာ VR ကမ္ဘာထဲက ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေ ထိတွေ့ကိုင်ဆုပ်ရာမှာ အနေအထားတစ်ခုမှာ လက်ချောင်းတွေကို ထိန်းချုပ်ထားနိုင်စွမ်း ရှိပါတယ်။ ဒီလက်အိတ်ကို မတ်ခ်ဇူကာဘတ်ကိုယ်တိုင် Jenga နဲ့ Chess တွေကို Virtually ကစားနေစဉ်မှာ ဝတ်ဆင်ပြသခဲ့တာ ဖြစ်ပါတယ်။ 

"Metaverse ထဲက အထိအတွေ့တွေကို ခံစားနိုင်ဖို့ နည်းပညာအဖွဲ့က အထိအတွေ့သိ လက်အိတ်တွေ ဖန်တီးနေပါတယ်။ ဒီလက်အိတ်တွေက ပုံရိပ်ယောင်ကမ္ဘာထဲမှာ အာရုံခံစားမှုအမျိုးမျိုးကို သက်တောင့်သက်သာရှိပြီး လိုသလို ပြောင်းနိုင်စွမ်း ရှိပါတယ်။ အမာ/အပျော့ အထိအတွေ့ ၊ ဖိအားနဲ့ တုန်ခါမှုလို အာရုံခံမှုတွေလည်း ခံစားနိုင်မှာပါ"လို့ Meta ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


Meta ရဲ့ အဆိုအရ လက်အိတ်ဟာ ဝတ်ဆင်သူရဲ့ လက်ကို ပုံရိပ်ယောင်အခြေအနေမှာ ရောက်နေ/မနေပါ စစ်ဆေးပေးနိုင်ပြီး ပုံရိပ်ယောင်ကမ္ဘာရဲ့ အလှတရားကို ခံစားရမှုပေါ်ပါ ခြေရာခံနိုင်မယ်လို့ ပြောပါတယ်။ ဒီလက်အိတ်ထုတ်ဖို့အတွက် Meta ပိုင် Reality Labs ဟာ ၇ နှစ်ကြာ အချိန်ယူဖန်တီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ အထိအတွေ့သိ လက်အိတ်ဟာ Virtual Reality Controller အထိန်းစက်တစ်ခုလိုပါ အလုပ်လုပ်နိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။ 

လတ်တလောမှာတော့ Meta အနေနဲ့ VR သုံးစွဲသူတွေအတွက် ဒီလက်အိတ်ဖြန့်ချိမယ့်အစီအစဉ် ကြေညာခြင်း မရှိသေးပါဘူး။ မဝေးလှတဲ့ အနာဂါတ်မှာတော့ ဒီလက်အိတ်ကို VR Headset နဲ့ AR မျက်မှန်တွေမှာ ချိတ်ဆက်အသုံးပြုနိုင်အောင် ထုတ်လုပ်ဖြန့်ချိသွားမှာပါ။ 

Share

Loading Next Article...
က္က