ဒီဂျစ်တယ်ကမ္ဘာကြီးဟာ ဒေါ်လာ ၁ ထရီလီယံတန် စီးပွားရေးဖြစ်လာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

ပုံရိပ်ယောင်ကမ္ဘာထဲက စိတ်ကူးယဉ်မြေတစ်ကွက်အတွက် ရင်းနှီးမြှပ်နှံသူတွေဟာ ဒေါ်လာသန်းပေါင်းများစွာ ပေးဝယ်နေကြပါတယ်။ 

ရင်းနှီးမြှပ်နှံသူတချို့ဟာ ကမ္ဘာပေါ်မှာ မရှိတဲ့ ပုံရိပ်ယောင်လောကထဲက မြေကွက်တွေအတွက် ဒေါ်လာသန်းနဲ့ချီ ငွေသုံးနေကြတယ်လို့ ဆိုပါတယ်။ Metaverse လို့ ခေါ်တဲ့ ပုံရိပ်ယောင်ဆက်သွယ်ရေးကမ္ဘာထဲက မြေကွက်တွေရဲ့ ဈေးဟာလည်း လအနည်းငယ်အတွင်း ၅၀၀% အထိ မြင့်တက်လာနေတယ်လို့ CNBC သတင်းက ဖော်ပြပါတယ်။ Facebook ကုမ္ပဏီက Virtual Reality လို့ ခေါ်တဲ့ ပုံရိပ်ယောင်ပိုင်းကို ကူးပြောင်းဖို့ ကြေညာခဲ့ပြီးနောက် အခုလို Metaverse ထဲက နေရာတွေ ဈေးတက်လာတာပါ။



"Metaverse ဟာ ဆိုရှယ်မီဒီယာရဲ့ နောက်ဗားရှင်းတစ်ခုပါ။" လို့ တိုရွန်တိုအခြေစိုက် Tokens.com ဆိုတဲ့ Metaverse ဒီဂျစ်တယ်အိမ်ခြံမြေနဲ့ NFT အခြေခံ ဒီဂျစ်တယ်ပိုင်ဆိုင်မှုဘက် ရင်းနှီးမြှပ်နှံမှု လုပ်နေတဲ့ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် အန်ဒရူးကီဂူရယ်က ပြောပါတယ်။

Photo: CNBC


ကီဂူရယ်ရဲ့ ကုမ္ပဏီဟာ မကြာသေးခင်ကပဲ Metaverse တွေထဲက Decentraland ပုံရိပ်ယောင်နယ်မြေတစ်ခုကို ဒေါ်လာ ၂.၄ သန်းကျော်တန် Cryptocurrency နဲ့ စံချိန်တင်ငွေသုံးပြီး ဝယ်ခဲ့တာပါ။ အခုဝယ်လိုက်တဲ့ နေရာဟာ ပါဆယ်ငယ်ပေါင်း ၁၁၆ ခုနဲ့ ဖွဲ့စည်းထားပြီး တစ်ခုကို စတုရန်းပေ ၅၂.၅ ပေ ရှိတာကြောင့် အရွယ်အစားအားဖြင့် ပုံရိပ်ယောင်စတုရန်းပေ ၆၀၉၀ ပေ ရှိပါတယ်။ Decentraland ဟာ Metaverse အွန်လိုင်းပတ်ဝန်းကျင်ထဲက Avatars တွေအဖြစ် လူတွေ လမ်းလျှောက်သွားလာနိုင် ၊ ဆက်သွယ်လည်ပတ်နိုင်ပြီး မြေနေရာဝယ်နိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုလည်း ဖြစ်ပါတယ်။ 

Tokens.com ရဲ့ လက်အောက်ခံလုပ်ငန်းတစ်ခုဖြစ်တဲ့ Metaverse Group ဆိုတဲ့ လုပ်ငန်းဟာ ဒေါ်လာ ၂.၄ သန်းကျော်နဲ့ ညီမျှတဲ့ MANA လို့ခေါ်တဲ့ cryptocurrency ၆၁၈၀၀၀ ပေး ဝယ်ခဲ့တာပါ။ ဒါဟာ Decentraland ပလက်ဖောင်းပေါ်က ပုံရိပ်ယောင်အိမ်ခြံမြေဈေးကွက်မှာ ဈေးအကြီးဆုံး ဝယ်ယူမှုလည်း ဖြစ်ပါတယ်။ Decentraland မြေပုံပေါ်က Fashion Street ဆိုတဲ့ မြေဧရိယာပေါ်မှာ ရှိပြီး ဒီနေရာမှာ Avatars တွေအတွက် ဒီဂျစ်တယ်ဖက်ရှင်ပွဲတွေနဲ့ ပုံရိပ်ယောင်အဝတ်အစားတွေ ရောင်းချဖို့ သုံးသွားမယ်လို့လည်း Tokens.com က ဆိုပါတယ်။ 

၂၀၂၁ ဇွန်လထဲမှာလည်း Decentraland ပေါ်က ပုံရိပ်ယောင်နေရာတစ်ခုဟာ MANA ၁၂၉၅၀၀၀ နဲ့ ရောင်းထွက်ခဲ့ပြီး အဲ့ဒီအချိန် MANA ဈေးနဲ့ဆို ဒေါ်လာ ၉၁၃၂၂၈ ဒေါ်လာ ပေါက်ပါတယ်။ ဝယ်သွားသူက အဲ့ဒီနေရာမှာ ဒီဂျစ်တယ်အဝတ်အစားတွေ ရောင်းဖို့ ပုံရိပ်ယောင် Shopping Center တစ်ခု ဆောက်မယ်လို့ ပြောပါတယ်။ နောက်ထပ် Metaverse မြေနေရာသတင်းတစ်ခုက Republic Realm လို့ခေါ်တဲ့ ဂျာနိုင်း ယိုရီယိုရဲ့ ပုံရိပ်ယောင်အိမ်ခြံမြေကုမ္ပဏီဟာ Sandbox လို့ခေါ်တဲ့ Virtual Land တစ်ခုကို ဒေါ်လာ ၄.၃ သန်းနဲ့ ဝယ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ယိုယီရဲ့ အဆိုအရ ပြီးခဲ့တဲ့နှစ်ထဲမှာကို ကုမ္ပဏီဟာ Virtual ကိုယ်ပိုင်ကျွန်း ၁၀၀ ကို တစ်ခု ဒေါ်လာ ၁၅၀၀၀ နှုန်းနဲ့ ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ "ဒီနေ့ဆို တစ်ခုကို ဒေါ်လာ ၃ သိန်းလောက်နဲ့ သူတို့တွေ ပြန်ရောင်းနေကြတယ်လေ။ ဒါက အမေရိကားမှာ ရှိတဲ့ ပျမ်းမျှ အိမ်တစ်လုံးဈေးနှုန်းပဲရှင့်" လို့ သူမက ပြောပါတယ်။ 

Photo: businessinsider


Metaverse လို ပုံရိပ်ယောင်ကမ္ဘာတွေထဲမှာ လူတွေဟာ Avatars လို့ ခေါ်တဲ့ ကာတွန်းပုံတူ ဇာတ်ကောင်တွေအဖြစ်ဖြစ် အချင်းချင်း ဆက်သွယ်မှုလုပ်နိုင်မှာပါ။ တစ်နည်းအားဖြင့် လူအများကြီး ကစားနေကြတဲ့ အွန်လိုင်းဗွီဒီယိုဂိမ်းထဲက ဇာတ်ကောင်တွေလိုမျိုးပါ။ လက်ရှိမှာ လူတွေက ရိုးရိုး Screen ပေါ်ကနေ ဆက်သွယ်မှု လုပ်နေပေမယ့် Meta နဲ့ တခြား Metaverse ဘက် အာရုံစိုက်နေတဲ့ ကုမ္ပဏီတွေကတော့ VR Headset မျက်မှန်တွေသုံးပြီး ၃၆၀ ဒီဂရီ ပတ်ပတ်လည် မြင်တွေ့ခံစားနိုင်တဲ့ ပုံရိပ်ယောင်အစစ်အမှန်ကမ္ဘာကြီး တစ်ခု တည်ဆောက်ဖို့ လုပ်နေပါတယ်။ 

နောက်ဆယ်စုနှစ်မှာ မြင်ရဖို့ရှိတဲ့ ဒီဂျစ်တယ်ကမ္ဘာကြီးဟာ ဒေါ်လာ ၁ ထရီလီယံတန် စီးပွားရေးဖြစ်လာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ တစ်ဖက်မှာလည်း ကုဒ်တွေ ၊ Pixels တွေနဲ့ ထုတ်လုပ်ထားတဲ့ ပုံရိပ်ယောင်ဒီဂျစ်တယ် အိမ်ခြံမြေလုပ်ငန်းဟာ အလွန့်ကို စွန့်စားရတဲ့ စီးပွားရေးတစ်ခုလို့ ပြောဆိုနေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က