မနေ့ညက ကစားခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ မက်ဒရစ်ဒါဘီပွဲမှာတော့ အက်သလက်တီကိုက မိုရာတာ၊ ဂရစ်ဇ်မန်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ရီးရဲလ်မက်ဒရစ်တို့ ဒီရာသီ ပြိုင်ပွဲစုံ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒီပွဲမတိုင်ခင် ကစားထားတဲ့ ပြိုင်ပွဲစုံ (၆) ပွဲမှာ ရီးရဲလ်မက်ဒရစ်တို့ ဂျုဘယ်လင်ဟမ်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ရာနှုန်းပြည့် နိုင်ပွဲရရှိထားတာပါ။ အခု မက်ဒရစ်ဒါဘီမှာလည်း ပြိုင်ဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ဂိုးတွေကို လွယ်လွယ်ကူကူ ခွင့်ပြုခဲ့ရတာကြောင့်လည်း အခုလိုမျိုး ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
ပွဲအစ (၄) မိနစ်မှာတင် ကစားသမားဟောင်း မိုရာတာရဲ့ ဂိုးကို ခွင့်ပြုခဲ့ရပြီး ပထမပိုင်း မိနစ် (၂၀) မပြည့်ခင်မှာတင် ဂရစ်ဇ်မန်းရဲ့ သွင်းဂိုးကြောင့်ပါ နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။ ပထမပိုင်းမပြီးခင် တိုနီကရူးစ်က ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ပရိသတ်တွေက မျှော်လင့်ချက် ရှင်သန်ခဲ့ရပါတယ်။
ဒါပေမယ့် ဒုတိယပိုင်းစစချင်း မိုရာတာက နောက်တစ်ဂိုး ထပ်သွင်းသွားခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်တို့ ပြန်မလာနိုင်တော့ဘဲ ဒီရာသီ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒီပွဲမှာ အဓိကကျခဲ့တာက မိုရာတာရဲ့ ပထမပိုင်းအစနဲ့ ဒုတိယပိုင်းအစမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေပဲဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်တို့ အထလေးတာကို ဆီမြွန်နီက ကောင်းကောင်း အသုံးချခဲ့ပြီး မိုရာတာကလည်း အခွင့်အရေးရလာချိန်မှာ အမှားအယွင်းမရှိ အသုံးချနိုင်ခဲ့တာကြောင့် အခုလိုမျိုးပဲ အိမ်ကွင်းမှာ ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို အက်သလက်တီကိုတို့ အနိုင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။