ဗင်နီရှပ်ကတော့ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းပရိသတ်တွေဟာ ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗင်နီရှပ်ကို ပွဲမစခင်မှာကတည်းက မျောက်လို့ အောက်ဟစ်ခေါ်ဝေါ်ခဲ့ကြတယ်လို့ သိရပါတယ်။ ကွင်းအတွင်းကို ဝင်ရောက်ဖို့ ရီးရဲလ်ကစားသမားတွေ စောင့်ဆိုင်းနေချိန်မှာ အေတီကိုပရိသတ်အုပ်စုလေးတခုက ဒီလိုခေါ်ဝေါ်ခဲ့ကြတာဖြစ်ပြီး နောက်ထပ်ပရိသတ်တဦးကလည်း ရီးရဲလ်ဂျာစီမှာ မျောက်ရုပ်ကို တပ်ဆင်ထားတဲ့ အရုပ်တခုကို ကိုင်ဆောင်ခဲ့ပါတယ်။ 

ဗင်နီရှပ်ဟာ သူ့ရဲ့ ဂိုးသွင်းအပြီး ကခုန်အောင်ပွဲခံမှုကြောင့် လူမျိုးရေးခွဲခြားခံခဲ့ရသူဖြစ်ပြီး မက်ဒရစ်ဒါဘီပွဲမတိုင်ခင်မှာ အဆိုပါပြသနာက အကြီးအကျယ်ကိုဖြစ်နေခဲ့တာပါ။ ရီးရဲလ်ကလည်း သူတို့ကစားသမားကို လူမျိုးရေးခွဲခြားစော်ကားသူတွေကို ဥပဒေအရ တုံ့ပြန်မယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နာမည်ကျော်ဘရာဇိးလ်ကစားသမားဟောင်းတွေနဲ့ လက်ရှိကစားနေဆဲ ကြယ်ပွင့်တွေက ဗင်နီရှပ်ဘက်က ရပ်တည်ပေးခဲ့ကြပါတယ်။ 

မနေ့က ကစားခဲ့တဲ့ မက်ဒရစ်ဒါဘီကတော့ ၁-၂ နဲ့ ပြီးဆုံးခဲ့ပြီး ရီးရဲလ်မက်ဒရစ်က အနိုင်ရရှိခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် ဗယ်လ်ဗာဒီက အဖွင့်ဂိုးတွေကို သွင်းယူပေးခဲ့ပြီး ဒုတိယမြောက်ဂိုးကို ရိုဒရိုင်ဂိုက သွင်းယူချိန်မှာတော့ ဗင်နီရှပ်နဲ့ ရိုဒရိုင်ဂိုတို့ဟာ အေတီကို ပရိသတ်တွေရှေ့မှာ ကခုန်အောင်ပွဲခံခဲ့ပြီး လူမျိုးရေးခွဲခြားခံရမှု၊ စော်ကားပြောဆိုခံရမှုတွေကို ကွင်းအတွင်းကနေ အကောင်းဆုံးတုံ့ပြန်ပြီး လက်စားချေပြခဲ့ပါတယ်။ 



ပွဲအပြီးမှာလည်း ဗင်နီရှပ်က "ဆန္ဒရှိတဲ့နေရာမှာ စိတ်ကြိုက်ကခုန်မယ်" လို့ လူမှုကွန်ယက်ကတဆင့် ရေးသားပြောဆိုခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက်တော့ ဒီနိုင်ပွဲဟာ ဗင်နီရှပ်အတွက် ရယူပေးခဲ့တဲ့ နိုင်ပွဲလို့တောင် တင်စားရမလိုပါပဲ။ ရီးရဲလ်အသင်းသားတွေကလည်း သူတို့အသင်းဖော်ဘက်က ရပ်တည်ပေးခဲ့ကြပြီး ရိုဒရိုင်ဂို၊ ဗင်နီရှပ်တို့နဲ့အတူ လိုက်ပါကခုန်ကာ အားလုံးအတူတူရှိနေတယ်ဆိုတာကို ပြသခဲ့ကြပါတယ်။ 

ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ကတော့ ဒီရာသီပြိုင်ပွဲစုံ ၈ ပွဲကစားပြီးချိန်မှာ ပွဲတိုင်းအနိုင်ရရှိထား​ပြီး လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာကိုလည်း ပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မက်ဒရစ်ဒါဘီပွဲကတော့ ထုံးစံအတိုင်းပွဲကြမ်းခဲ့ပြီး ပွဲပြီးခါနီးမှာ နှစ်ဖက်အသင်းကြားအချင်းများခဲ့ကာ အေတီကိုဘက်က ချေပဂိုးသွင်ပေးခဲ့သူ ဟာမိုဆို အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က