လူငယ်ကစားသမားတဦးကို ရော်နယ်ဒိုဘက်က အားပေးခဲ့တာဖြစ်ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲမတိုင်ခင်မှာ ခရစ္စတီယာနိုရော်နယ်ဒိုက သူ့ဆီကို ဖုန်းခေါ်ဆိုခဲ့ပြီး အားပေးစကားပြောကြားခဲ့တယ်လို့ ဗင်နီရှပ်ဂျူနီယာက ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ ကခုန်အောင်ပွဲခံမှုကြောင့် လူမျိုးရေးခွဲခြားခံရမှုတွေကို ရင်ဆိုင်နေရပြီး ဖိအားတွေရှိနေတဲ့ ဗင်နီရှပ်က အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်းကြီးဆီကနေ စိတ်ခွန်အားရစေမယ့် အားပေးမှုကို လက်ခံရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါဘီပွဲမှာ ကခုန်အောင်ပွဲခံရင်တော့ ပွဲကြမ်းသွားလိမ့်မယ်လို့ အေတီကိုအသင်းခေါင်းဆောင်ကိုကီက ပြောဆိုထားခဲ့လို့လည်း မက်ဒရစ်ဒါဘီပွဲက ပိုပြီးရုပ်လုံးကြွခဲ့ပါတယ်။ ဒါ့အပြင် ဗင်နီရှပ်ကလည်း ဘယ်လိုအခြေအနေတွေဖြစ်ဖြစ် သူ့ရဲ့ အောင်ပွဲခံဟန်ကို လုံး၀လက်လျှော့မှာမဟုတ်ဘူးလို့ ပြန်လည်တုံ့ပြန်ခဲ့တာကြောင့် မက်ဒရစ်ဒါဘီကို စောင့်ကြည့်နေခဲ့တဲ့သူတွေ အများကြီးရှိနေခဲ့ပါတယ်။ 

ဗင်နီရှပ်က "ခရစ္စတီယာနိုက ကျနော့်ကို ဖုန်းခေါ်ဆိုခဲ့ပြီး ဒါဘီပွဲမှာ ကျနော်ကံကောင်းစေဖို့အတွက် ဆုတောင်းအားပေးခဲ့ပါတယ်၊ သူ မက်ဒရစ်ဒါဘီပွဲတွေကို ကြည့်နေတုန်းပဲ' လို့ ပြောဆိုခဲ့ကြောင်း တွစ်တာအကောင့်တခုဖြစ်တဲ့ Ok pal က ဖော်ပြထားတာကို တွေ့ရှိခဲ့ရပါတယ်။ ရော်နယ်ဒိုကတော့ ရီးရဲလ်မက်ဒရစ်မှာ ၉ နှစ်ကြာကစားခဲ့ပြီး အသင်းသမိုင်းတလျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သူဖြစ်ပါတယ်။ 

ရော်နယ်ဒိုရဲ့ အားပေးစကားပြောဆိုခဲ့မှုက ဗင်နီရှပ်အတွက် တော်တော်လေးတော့ တန်ဖိုးရှိခဲ့မှာ သေချာပါတယ်။ မက်ဒရစ်ဒါဘီပွဲမှာ ဗင်နီရှပ်က ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့်လည်း အသင်းဖော်ရိုဒရိုင်ဂို ဂိုးသွင်းခဲ့ချိန်မှာတော့ အတူတူကခုန်အောင်ပွဲခံခဲ့ပြီး လူမျိုးရေးခွဲခြားခံနေရမှုတွေ၊ မကခုန်ဖို့အတွက် ပြင်းပြင်းထန်ထန်ပြောဆိုခဲ့တာတွေကို လက်တုံ့ပြန်နိုင်ခဲ့ပြီး ရီးရဲလ်ကလည်း နိုင်ပွဲရခဲ့တာကြောင့် ကျေနပ်ဖွယ်ရာဖြစ်ခဲ့ရပါတယ်။ 


Share

Loading Next Article...
က္က