ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က အသင်းခေါင်းဆောင် မက်ဂွိုင်းရားဟာ အသင်းရဲ့ဂိုးဧရိယာထဲမှာ အံ့ချီးလောက်အောင် ကောင်းမွန်တဲ့အကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဒီကစားသမားဟာ မနေ့က ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ပွဲထွက်ခွင့်ရပြီး ယူနိုက်တက်ခံစစ်တန်းက ဒီဂီယာရဲ့ လက်စွမ်းပြမှုနဲ့အတူ ဂိုးမပေးခဲ့ရပါဘူး။
ပွဲအပြီးမှာ တန်ဟက်ခ်က “မက်ဂွိုင်းရားက ကျနော်တို့ရဲ့ ဂိုးဧရိယာကို ကာကွယ်တဲ့နေရာမှာ တကယ်ကို ခမ်းနားတဲ့ ကစားသမားတယောက်ပါ။ သူက ထိပ်တန်းကစားသမားတယောက်၊ တကယ်ကောင်းတဲ့ နောက်ခံလူတယောက်ဖြစ်ပြီး သူက ကျနော်တို့ အသင်းလူစာရင်းအတွက် ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို မြင်တွေ့ခဲ့ပြီးပါပြီ”
“အသင်းအတွက် ကျနော် ပျော်ရွှင်ရသလို မက်ဂွိုင်းရားက ကွင်းထဲဝင်ကစားရင်း ဂိုးမပေးခဲ့ရတာကလည်း ကျနော့်အတွက် ပျော်စရာပါ” လို့ ပြောကြားခဲ့ပါတယ်။ မက်ဂွိုင်းရားဟာ ဒီရာသီမှာ သူပွဲထွက်တိုင်း ယူနိုက်တက်နိုင်ပွဲမရတဲ့ မှတ်တမ်းဆိုးကိုလည်း ချေဖျက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတည်းက ဒီကစားသမားဟာ ခြေစွမ်းပိုင်းဆိုးရွားနေတာကြောင့် အသင်းဖော်အချင်းချင်းတောင် နောက်ကွယ်မှာ ဝေဖန်ခံခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် တန်ဟက်ခ် နည်းပြသစ်ဖြစ်လာချိန်မှာလည်း မက်ဂွိုင်းရားကို အသင်းခေါင်းဆောင်ရာထူးကနေ ဖြုတ်ချဖို့ တောင်းဆိုမှုတွေရှိခဲ့ပါသေးတယ်။
တန်ဟက်ခ်ကတော့ မက်ဂွိုင်းရားကို အသင်းခေါင်းဆောင်ရာထူးမှာ ဆက်လက်ထားရှိပေမယ့် ပုံမှန်ပွဲထွက်ခွင့်တော့ ဆုံးရှုံးခဲ့ရပါတယ်။ ယူနိုက်တက်ဗဟိုနောက်ခံလူနေရာမှာ ဗာရန်းနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့ပြီး မနေ့ကပွဲမှာတော့ ဗာရန်း ဒဏ်ရာရ၊ လင်ဒီလော့ဖ် ဖျားနာနေချိန်မှာ မက်ဂွိုင်းရားက ပွဲထွက်ခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။