ရာသီသစ်ရဲ့ အသင်းခေါင်းဆောင်ရာထူးအတွက် ရန်းနစ်ဂ်က ပြောကြားခဲ့တာပါ။

ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ယူနိုက်တက် နောက်ခံလူ မက်ဂွိုင်းရားတယောက် လာမယ့်ရာသီမှာ အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနိုင်တော့မှာမဟုတ်တဲ့အကြောင်း ရန်းနစ်ဂ်က သွယ်ဝိုက်ပြောကြားခဲ့ပါတယ်။ မက်ဂွိုင်းရားဟာ လက်ရှိအချိန်မှာလည်း ဒူးဒဏ်ရာကြောင့် ရာသီလက်ကျန်ပွဲစဥ်တွေအားလုံးကို လွဲချော်ဖို့များနေပါတယ်။



လာမယ့်ရာသီမှာ ယူနိုက်တက်ကို အဲရစ်တန်ဟက်ခ်က ကိုင်တွယ်မှာဖြစ်ပြီး ရန်းနစ်ဂ်ကလည်း အဲရစ်တန်ဟက်ခ်ကို အဓိက ကူညီပေးမယ့်ပုဂ္ဂိုလ်အဖြစ် ဆက်ရှိနိုင်ပါတယ်။ အခုတည်းက ရန်းနစ်ဂ်က အဲရစ်တန်ဟက်ခ်အတွက် လိုအပ်တာတွေကို ဆောင်ရွက်ပေးနေပြီး မက်ဂွိုင်းရားကို အသင်းခေါင်းဆောင်အဖြစ် ဆက်ထားဖို့ ထောက်ခံချက်ပေးသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ရန်းနစ်ဂ်က “ခင်ဗျားတို့မေးခွန်းတွေကို ကျနော် နားလည်ပါတယ်။ ဒါပေမယ့် မက်ဂွိုင်းရားကို အသင်းခေါင်းဆောင်အဖြစ် ထောက်ခံပေးဖို့က အဓိပ္ပာယ်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအသင်းမှာ ဘယ်ကစားသမားက ဘယ်လိုဆိုတာမျိုးကို ကျနော်တို့ မသိဘူးလေ။ အစုအဖွဲ့ ဘယ်လိုရှိတာကအစပေါ့”

“ကျနော် အရင်တုန်းက နည်းပြချုပ် ဒါမှမဟုတ် မန်နေဂျာတယောက်အနေနဲ့ အလုပ်လုပ်ခဲ့တုန်းကအတိုင်းပဲ ခင်ဗျားကို ပြောနိုင်ပါတယ်။ ဂျာမနီမှာတော့ Mannschaftskapitan လို့ခေါ်တာပေါ့ အသင်းခေါင်းဆောင်ကို။ ဒီအသင်းခေါင်းဆောင်ကို အသင်းကပဲ ရွေးချယ်ရမယ်လို့ ကျနော် အပြည့်အဝယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ သူကလည်း အသင်းရဲ့မန်နေဂျာလိုပဲလေ”

“ကျနော် အမြဲတမ်း အဲ့ဒီပုံစံအတိုင်း သွားခဲ့ပြီး ကစားသမားဘုတ်အဖွဲ့ဆိုပြီး လေးငါးယောက်လောက်ရှိပါတယ်။ ဒါကို ကစားသမားကောင်စီလို့ခေါ်ပြီး ကစားသမားတွေကပဲ ရွေးချယ်ထားတာပါ။ မဲအများဆုံးကစားသမားက အသင်းခေါင်းဆောင်ပေါ့ဗျာ။ နည်းပြတော်တော်များများ ဒါမျိုးလုပ်တာကို ကျနော် သိပါတယ်။ ကျနော်သာ လာမယ့်ရာသီ နည်းပြအဖြစ် ဆက်ရှိရင်တော့ ဒီတိုင်း ကျင့်သုံးမှာပါ”

“ဒါပေမယ့် အခုတော့ အဲရစ်တန်ဟက်ခ်ကပဲ ဘယ်သူ့ကို အသင်းခေါင်းဆောင်ပေးမလဲ ဆုံးဖြတ်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ရန်းနစ်ဂ် အခုပြောပြခဲ့တဲ့ အသင်းခေါင်းဆောင် ရွေးချယ်ပုံစနစ်ကို မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ အာဆင်နယ်နည်းပြ အာတီတာတို့က ကျင့်သုံးလျက်ရှိကြောင်းလည်း သိရှိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က