ယူနိုက်တက်ပရိသတ်တွေဟာ သူတို့ရဲ့ ပေါင်သန်း (၈၀) တန် ဗဟိုနောက်ခံလူကြီး မက်ဂွိုင်းရားကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားဖို့အတွက် လက်မှတ်ထိုးတောင်းဆိုမှုတွေ ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။ Change.org မှာ ယူနိုက်တက်ပရိသတ်တယောက်က ဒီလှုပ်ရှားမှုကို စတင်ခဲ့တာပါ။
FAT TRUTH လို့ နာမည်ပေးထားတဲ့ အဆိုပါ ယူနိုက်တက်ပရိသတ်က “ချစ်လှစွာသော ယူနိုက်တက်ပရိသတ်များ။ ငါတို့အနေနဲ့ ဒီလို သန်း (၈၀) တန် အမှားအယွင်းတယောက်ကို အသင်းခေါင်းဆောင်အဖြစ်မြင်ရတာ ပင်ပန်းလှပါပြီ။ သူက ပေါင်သန်း (၈၀) တန်တယ်ဆိုတာ တကယ်ကို အတုအယောင်တခုပါ။ သူ့ကို ရောင်းလိုက်တဲ့အသင်းဘက်ကတော့ မြတ်တာပေါ့”
“ဒီအသင်းက ယူနိုက်တက်ပရိသတ်တွေအတွက်ပါ။ မက်ဂွိုင်းရားကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားပြီး ပုံမှန်အနေအထားကို ပြန်လည်တက်လှမ်းဖို့အတွက် မှန်ကန်တဲ့လမ်းကြောင်းကို ဦးတည်လိုက်ပါ။ ဖြစ်နိုင်ရင် သူ့ကို ရောင်းပါ ရောင်းပစ်လိုက်ပါ။ ငါတို့တော့ မက်ဂွိုင်းရားကို စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပါပြီ။ ဒီလောက်နဲ့လုံလောက်ပါတယ်"”
“ယူနိုက်တက်ကို ကြီးကျယ်ခမ်းနားအောင် ပြန်လုပ်ကြပါ။ ပရိသတ်တွေရဲ့အသံကို နားထောင်ပါ။ ပြီးရင် လက်မှတ်ထိုးသွားပေးပါ” လို့ ရေးသားထားခဲ့ပါတယ်။ ဒီ Petition မှာ ဝင်ရောက်လက်မှတ်ရေးထိုးတဲ့ ပရိသတ်အရေအတွက်ကလည်း သုံးသောင်းကျော်သွားခဲ့ပြီဖြစ်ပါတယ်။
ဒါ့အပြင် မက်ဂွိုင်းရားနေရာကို ရေခဲသေတ္တာနဲ့အစားထိုးဖို့အထိ နောက်ပြောင်တဲ့လှုပ်ရှားမှုတွေလည်း ရှိနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲမှာလည်း ယူနိုက်တက်က လေးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဒီပွဲမှာ လီဗာပူးရဲ့အဖွင့်ဂိုးအတွက် မက်ဂွိုင်းရားရဲ့နေရာယူပုံက ဆိုးရွားခဲ့ပြီး ဆာလာရဲ့ ပွဲသိမ်းဂိုးမှာလည်း မက်ဂွိုင်းရားရဲ့ အမှားအယွင်းကနေ အစပြုခဲ့တာဖြစ်ပါတယ်။ မက်ဂွိုင်းရားကတော့ ဒီလိုမျိုး အမှားအယွင်းတွေ ကျူးလွန်နေပေမယ့် သူ့ကိုယ်သူ ပွဲထွက်ခွင့်နဲ့ထိုက်တန်တယ်လို့ ယူဆနေဆဲဖြစ်ပါတယ်။