စပါးနည်းပြသစ်ဖြစ်လာခဲ့တဲ့ ပိုစတီကိုဂ်လူဟာ ယူနိုက်တက်မှာ အနာဂတ် မရေမရာဖြစ်နေတဲ့ မက်ဂွိုင်းရားကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ အဆိုပါ သြစတြေးလျ လူမျိုးနည်းပြဟာ မနေ့ကမှ စပါးနည်းပြအဖြစ် တရားဝင် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။
ပိုစတီကိုဂ်လူဟာ ဆဲလ်တစ်မှာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့နောက် စပါးဥက္ကဌ လီဗိုင်းရဲ့ မျက်စိကျခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူက ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးသော သြစတြေးလျလူမျိုး နည်းပြအဖြစ် စပါးကို ရောက်ရှိလာခဲ့ပြီး နယ်မြေအသစ်မှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။
ပိုစတီကိုဂ်လူအနေနဲ့ စပါးကို ရောက်ရှိပြီး နာရီပိုင်းအကြာမှာပဲ ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းရားကို ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ အသက် (၅၇) နှစ်အရွယ် ဒီနည်းပြကြီးဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ အသင်းရဲ့ ပစ်မှတ်ကစားသမားတွေကို စိတ်တိုင်းကျ သတ်မှတ်ခွင့်ရရှိမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။
မက်ဂွိုင်းရားဟာ အဲရစ်တန်ဟက်ခ်လက်ထက်မှာ ပုံမှန်နေရာပျောက်ဆုံးခဲ့ပြီး သူ့ကို ရောင်းချဖို့အတွက်လည်း အသင်းဘက်က ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတစ်လျှောက်လုံး ဗာရန်း၊ လီဆန်ဒရိုမာတီနက်ဇ်၊ လင်ဒီလော့ဖ်တို့ရဲ့နောက် တတိယဦးစားပေး ဗဟိုနောက်ခံလူနေရာမှာသာရှိခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်က အသင်းခေါင်းဆောင်တာဝန်ကို ဆက်တိုက်ရယူခဲ့ရပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ အခုချိန်မှာ နာပိုလီ နောက်ခံလူ ကင်မင်ဂျေးကို ခေါ်ယူနိုင်ဖို့အတွက်လည်း သေချာသလောက်ရှိနေတာကြောင့် နောက်တန်းမှာ အသုံးမလိုတဲ့ ကစားသမားတွေကို ပြန်လည်ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။ မက်ဂွိုင်းရားကိုယ်တိုင်ကတော့ ယူနိုက်တက်မှာ ပုံမှန်နေရာအတွက် ပြန်လည်တိုက်ပွဲဝင်လိုနေပေမယ့် တန်ဟက်ခ်ကတော့ သူ့ကို အခွင့်အရေးပေးဖို့ မရှိတော့ဘဲ မက်ဂွိုင်းရားအတွက် အသင်းကထွက်ခွာဖို့သာ ရွေးချယ်ရတော့မှာဖြစ်ပါတယ်။