ရန်းနစ်ဂ်လက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ကိစ္စပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မက်ဂွိုင်းရားဆီက အသင်းခေါင်းဆောင်လက်ပတ်ကို သိမ်းယူဖို့အတွက် ယူနိုက်တက်ထံ အကြံပေးခဲ့ပေမယ့် ငြင်းဆန်ပယ်ချခံခဲ့ရကြောင်း သိရှိရပါတယ်။ ဒီဖြစ်ရပ်ကတော့ ယခင်နည်းပြဟောင်း ရန်းနစ်ဂ်လက်ထက်မှာဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။



The Athletic ရဲ့ဖော်ပြချက်အရ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာ ရော်နယ်ဒိုနဲ့အတူ ယူနိုက်တက်ကစားသမားအချို့ဟာ ရန်းနစ်ဂ်နဲ့ သီးသန့်တွေ့ဆုံခဲ့ပြီး ဒီတွေ့ဆုံမှုမှာ မက်ဂွိုင်းရားကို အသင်းခေါင်းဆောင်ရာထူးကနေ ဖြုတ်ချပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရှိရပါတယ်။ ရော်နယ်ဒိုနဲ့အတူ ဗာရန်း၊ ပေါ့ဘာတို့လည်း ပါဝင်ခဲ့ပြီး “မက်ဂွိုင်းရားက အသင်းပြဿနာတွေရဲ့ တစိတ်တပိုင်းဖြစ်တယ်” လို့ ညီညီညွှတ်ညွှတ် ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ရန်းနစ်ဂ်ကတော့ ရော်နယ်ဒိုတို့ရဲ့ တောင်းဆိုမှုကို လက်သင့်မခံခဲ့ဘဲ အဆိုပါတွေ့ဆုံမှုမှာ မက်ဂွိုင်းရားမပါဝင်တာကြောင့် ဒါက “မသင့်တော်တဲ့လုပ်ရပ်” အဖြစ် သတ်မှတ်ပြီး ပယ်ချခဲ့ပါတယ်။ အဲ့ဒီတွေ့ဆုံမှုမှာပဲ ရော်နယ်ဒိုက အသင်းရဲ့ ကစားကွက်အခင်းအကျင်းပိုင်းကိုပါ ဆွေးနွေးခဲ့ပြီး သူ့အနေနဲ့ ကာဗာနီနဲ့တွဲဖက်ကစားလိုကြောင်း တောင်းဆိုခဲ့ပါတယ်။

ဒီတောင်းဆိုမှုကိုလည်း ရန်းနစ်ဂ်က မသိကျိုးကျွံပြုခဲ့ပြီး ရော်နယ်ဒိုနဲ့ရန်းနစ်ဂ်အကြား ဆက်ဆံရေးက အကြိတ်အခဲတွေဖြစ်ပေါ်ခဲ့ပါတယ်။ ရန်းနစ်ဂ်ဟာ မြန်နှုန်းမြင့် ဖိအားပေးကစားဟန်အတွက် ရော်နယ်ဒိုက အဆင်သင့်မဖြစ်သေးကြောင်းလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ဇန်နဝါရီမှာတင် ရန်းနစ်ဂ်က ရော်နယ်ဒိုကို ရောင်းချဖို့ အသင်းထံ တင်ပြခဲ့ဖူးတာပါ။

အခု နည်းပြသစ် တန်ဟက်ခ်လက်ထက်မှာတော့ ယူနိုက်တက်က ပြုပြင်ပြောင်းလဲမှုတွေရှိလာပြီး လက်ရှိအချိန်မှာ မက်ဂွိုင်းရားက အသင်းခေါင်းဆောင်တယောက်အဖြစ်ရှိနေသေးသည့်တိုင် ပုံမှန်ပွဲထွက်ခွင့် ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ တန်ဟက်ခ်ကလည်း ဗဟိုနောက်ခံလူနေရာအတွက် ဗာရန်းနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ကိုသာ ဦးစားပေး အသုံးပြုမယ့်အကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က