မော်လ်တာ၊ မြောက်မက်ဆီဒိုးနီးယားတို့နဲ့ ရင်ဆိုင်ကစားမယ့်ပွဲစဥ်တွေအတွက် အင်္ဂလန်လူစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ မက်ဂွိုင်းရားနဲ့ ကဲလ်ဗင်ဖီးလစ်တို့ ပါဝင်လာတာကြောင့် ပရိသတ်တွေက ဆောက်ဂိတ်ကို ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်ပြောဆိုနေကြပါတယ်။ ဒီရာသီမှာ ဒီကစားသမားနှစ်ယောက်ပေါင်း ပွဲကစားချိန်က (၆၈၃) မိနစ်သာ ရှိခဲ့တာပါ။
မက်ဂွိုင်းရားဟာ သူ့ရဲ့ မတည်ငြိမ်တဲ့ခြေစွမ်းကြောင့် ယူနိုက်တက်မှာ အသင်းခေါင်းဆောင်တစ်ယောက်ပင် ဖြစ်လင့်ကစား ပုံမှန်ပွဲထွက်ခွင့်ကို ဆုံးရှုံးခဲ့ရပြီး အရန်ခုံမှာသာ ထိုင်နေခဲ့ရပါတယ်။ ဖီးလစ်ကလည်း ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေရတာကြောင့် မန်စီးတီးမှာ ပွဲကစားချိန်နည်းပါးခဲ့တာပါ။ ဒါပေမယ့် ဆောက်ဂိတ်ကတော့ အရင်ကအတိုင်း ဒီကစားသမားနှစ်ယောက်ကို မပါမဖြစ် ရွေးချယ်ခဲ့ပါတယ်။
သူ့ရဲ့လူစာရင်းမှာ အေစီမီလန်နောက်ခံလူ တိုမိုရီ၊ အက်စတွန်ဗီလာ ကွင်းလယ်လူ ဂျာကော့ဘ်ရမ်ဆေးနဲ့ တိုက်စစ်မှူး ဝက်ကင်စ်တို့မပါဝင်ခဲ့တဲ့အပေါ်မှာလည်း ပရိသတ်တွေက မေးခွန်းထုတ်နေကြပါတယ်။ ဒီမတိုင်ခင် နောက်ဆုံး နိုင်ငံတကာ ရက်သတ္တပတ်မှာလည်း ဆောက်ဂိတ်တစ်ယောက် အေစီမီလန်ရဲ့ အဓိကဗဟိုနောက်ခံလူ တိုမိုရီကို ကျော်ပြီး မက်ဂွိုင်းရားကို ရွေးချယ်ခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။
ပရိသတ်တွေက “မက်ဂွိုင်းရားနဲ့ ဖီးလစ်တို့နှစ်ယောက်က ကလပ်အသင်းမှာ ကစားခွင့်တောင်မရဘဲ အင်္ဂလန်မှာ ပါလာပြန်ပြီ။ ဒါက ဆောက်ဂိတ်လုပ်နေကျပဲ” “အင်္ဂလန်မှာ အကြီးဆုံးပြဿနာက ဆောက်ဂိတ်တစ်ယောက် မက်ဂွိုင်းရားကို တစ်ချိန်လုံးရွေးနေတာပဲ” “မက်ဂွိုင်းရားက လနဲ့ချီပြီး ပွဲကစားခွင့်မရလည်း တိုမိုရီကို ကျော်ပြီး လက်ရွေးစင်ဖြစ်နေတုန်းပါ” “ကိုယ့်ကိုယ်ကိုယ် ဖီးလစ်လို့ စိတ်ကူးယဥ်ကြည့်စမ်းပါ။ ဒါမျိုးက ကမ္ဘာ့အလွယ်ကူဆုံး အလုပ်တစ်ခုပါပဲ” လို့ အသီးသီး ဝေဖန်ခဲ့ကြပါတယ်။
ဆောက်ဂိတ် နောက်ဆုံးထုတ်ပြန်လိုက်တဲ့ လူစာရင်းမှာ ခရစ္စတယ်ပဲလေ့စ်မှာ ခြေစွမ်းပြနေတဲ့ အီဇီ ပထမဆုံး ရွေးချယ်ခံခဲ့ရပြီး စတာလင် ချန်လှပ်ခံခဲ့ရသလို အာနိုးလ်လည်း ပြန်လည်ပါဝင်လာခဲ့ပါတယ်။ အင်္ဂလန်ဟာ လာမယ့်ဇွန်လအတွင်း ယူရို-၂၀၂၄ ခြေစစ်ပွဲတွေကို ယှဥ်ပြိုင်ကစားရမှာဖြစ်ပြီး ပြိုင်ဘက်နှစ်သင်းကတော့ ကြီးကြီးမားမား အခက်မတွေ့နိုင်တဲ့ အသင်းတွေဖြစ်ပါတယ်။