မက်ဂွိုင်းရားအတွက် လျော်ကြေးပေးခဲ့ရသေးတာပါ။

ယူနိုက်တက်ဟာ မက်ဂွိုင်းရားကို ဝက်စ်ဟမ်းထံ ရောင်းချခဲ့တဲ့နေရာမှာ ကစားသမားအတွက်လည်း စာချုပ်လျော်ကြေး ပေးချေခဲ့ကြောင်း သိရှိရပါတယ်။ ဝက်စ်ဟမ်းဟာ မက်ဂွိုင်းရားကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၃၀) နဲ့ ခေါ်ယူနိုင်ခဲ့တာပါ။



ဒါပေမယ့် ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် (၁၉၀,၀၀၀) ရရှိနေတဲ့ မက်ဂွိုင်းရားဟာ ဝက်စ်ဟမ်းမှာတော့ တစ်ပတ်လုပ်ခ ပေါင် (၁၂၀,၀၀၀) သာ ရရှိတော့မှာဖြစ်ပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်နဲ့လည်း စာချုပ်သက်တမ်း (၂) နှစ် ကျန်ရှိနေသေးတဲ့ ကစားသမားပါ။

အဲ့ဒါကြောင့်လည်း ယူနိုက်တက်တို့ စာချုပ်လက်ကျန် (၂) နှစ်သက်တမ်းအတွက် မက်ဂွိုင်းရားကို ပေါင် (၆) သန်းအထိ ပေးချေခဲ့ရပြီး ဒါကလည်း တစ်ဖက်အသင်းမှာ မက်ဂွိုင်းရား လစာလျော့ကျသွားမှာကြောင့် အခုလို ပေးချေခဲ့ရတယ်လို့ သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်လည်းဖြစ်ခဲ့ဖူးတဲ့ မက်ဂွိုင်းရားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ရသလို လက်ရှိနွေရာသီမှာလည်း အသင်းခေါင်းဆောင်လက်ပတ်ကို ဆုံးရှုံးခဲ့ရပါတယ်။ မက်ဂွိုင်းရားဟာ လာမယ့်ရာသီ ယူနိုက်တက်မှာ ပုံမှန်တစ်နေရာအတွက် ပြန်လည်တိုက်ပွဲဝင်နိုင်ဖို့ နွေရာသီမှာ အပြင်းအထန် ကြိုးစားခဲ့ပါသေးတယ်။

ဒါပေမယ့် သူ့ရဲ့ ကြိုးစားမှုတွေက အရာမထင်ခဲ့ဘဲ ယူနိုက်တက်အတွက် နောက်ဆုံးကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ပွဲမှာလည်း သူက အမှားအယွင်းကျူးလွန်ခဲ့တာကြောင့် ပြိုင်ဘက်ကို ဦးဆောင်ခွင့်ပေးခဲ့ရပါတယ်။ အဆိုပါပွဲရဲ့ နောက်ဆုံးမိနစ်မှာ ယူနိုက်တက်ရရှိခဲ့တဲ့ ချေပဂိုးအတွက်တော့ မက်ဂွိုင်းရားက ခေါင်းတိုက်ချ ဖန်တီးပေးခဲ့ပြီး လက်ရှိမှာတော့ ယူနိုက်တက်ကို နှုတ်ဆက်ခဲ့ပြီလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က