မနေ့ညက ကစားခဲ့တဲ့ လီဗာပူးနဲ့ဘရိုက်တန်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲကတော့ တဖက်သုံးဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးနောက်တန်းက အာနိုးလ်၊ ဗန်ဒိုက်ချ်တို့ အမှားများခဲ့ပြီး အထူးသဖြင့် အာနိုးလ်ဆီကတဆင့်ပဲ သုံးဂိုးလုံးပေးလိုက်ရတယ်ဆိုလည်း မမှားပါဘူး။ လီဗာပူးကတော့ ဒီရာသီမှာ ခြေစွမ်းပိုင်းကျဆင်းနေပြီး နောက်တန်းကလည်း ဂိုးတွေဆက်တိုက်ပေးနေရတာပါ။
မနေ့က ဘရိုက်တန်က ထရော့ဆက်သွင်းယူသွားတဲ့ ပထမပိုင်းက သွင်းဂိုးနှစ်ဂိုးဟာ အာနိုးလ်ရဲ့ အားနည်းချက်တွေကြောင့်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယပိုင်းမှာ ထရော့ဆက်အတွက် ဟက်ထရစ်ဖြစ်စေတဲ့ သွင်းဂိုးကလည်း အာနိုးလ်ဘက်ခြမ်းက တက်လာခဲ့တဲ့ဘောလုံးဖြစ်ပြီး ဒီဘောလုံးကို ဗန်ဒိုက်ချ်ရဲ့ တားဆီးမှုက အရာမထင်ခဲ့ဘဲ ထရော့ဆက်က အပိုင်ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဗန်ဒိုက်ချ်ရဲ့ တားဆီးပုံကလည်း လွယ်လွယ်ကူကူနဲ့ဖြစ်သလို တားဆီးခဲ့တာဖြစ်ပြီး သူ့နေရာမှာ မက်ဂွိုင်းရားသာ ဒီလိုမျိုးဖြစ်ခဲ့မယ်ဆိုရင် ရုပ်သံကင်မရာတွေ၊ မီဒီယာတွေရဲ့ ပစ်မှတ်ဖြစ်နေလောက်ပါပြီ။ ဒါပေမယ့် အခုချိန်မှာတော့ လီဗာပူးအသင်းဖော် အာနိုးလ်ရဲ့ခြေစွမ်းပိုင်းက ပိုမိုဆိုးရွားနေတာကြောင့် ဗန်ဒိုက်ချ်တယောက် သက်သာရာရနေတယ်ဆိုရင်လည်း မမှားပါဘူး။
မက်ဂွိုင်းရားဟာ ယူနိုက်တက်အသင်းခေါင်းဆောင်တယောက်ဖြစ်ပြီး သူ့ရဲ့ခြေစွမ်းပိုင်းဆိုးရွားမှုတွေကလည်း တော်တော်လေးကို အပြစ်မြင်စရာဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် သူ့အပေါ် ဝေဖန်မှုတွေက လိုအပ်တာထက် ပိုမိုများပြားနေပြီး အင်္ဂလန်လက်ရွေးစင်နည်းပြဆောက်ဂိတ်ကလည်း မက်ဂွိုင်းရားကို အပြည့်အဝ ကာကွယ်ပေးကာ လက်ရွေးစင်ရဲ့ အဓိကနောက်ခံလူအဖြစ် သတ်မှတ်ထားဆဲဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း Mirror က ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရလည်း မက်ဂွိုင်းရားက ဗန်ဒိုက်ချ်ထက် အသာရနေဆဲလို့ သုံးသပ်နိုင်ပါတယ်။ မက်ဂွိုင်းရားက ဗန်ဒိုက်ချ်ထက် (၄) ပွဲသာ ပိုကစားထားပေမယ့် ဘောလုံးလုယူမှု၊ ကြားဖြတ်ရယူမှုတို့မှာ ဗန်ဒိုက်ချ်ထက် အသာရထားပြီး အမြင့်ဘောလုယူမှုနှုန်းမှာသာ ဗန်ဒိုက်ချ်က မက်ဂွိုင်းရားထက် ပိုမိုအသာရထားတာကို တွေ့ရှိရပါတယ်။ အဲ့ဒါကြောင့်လည်း မနေ့ညက ဗန်ဒိုက်ချ်လို ဖျက်ထုတ်ပုံမျိုးကို မက်ဂွိုင်းရားသာ ကျူးလွန်ခဲ့မယ်ဆိုရင် ဒီကနေ့ ဆိုရှယ်မီဒီယာမှာ လိုအပ်တာထက် ပိုတဲ့ လှောင်ပြောင်မှုတွေနဲ့ မက်ဂွိုင်းရားတယောက် ရင်ဆိုင်နေရမယ်ဆိုတာ အသေအချာပါပဲ။