နှစ်သင်းလုံးက အကောင်းဆုံးလူစာရင်းတွေနဲ့ပဲ ပွဲထွက်လာခဲ့ပြီး ချဲလ်ဆီးက ကန်တေ မပါဝင်နိုင်ချိန်မှာ ဂယ်လာဂါ ပွဲထွက်ခဲ့ပါတယ်။ လိဒ်စ်ကတော့ ရိုဒရီဂို၊ ဟာရီဆင်၊ ဒန်နီယဲယ်ဂျိမ်းစ်တို့နဲ့ တိုက်စစ်ကို ဦးဆောင်စေခဲ့ပါတယ်။ ဒီပွဲမှာ လိဒ်စ်ရဲ့ အိမ်ရှင်အားနဲ့ ကစားပုံက ချဲလ်ဆီးကို ကောင်းကောင်းကြီး အခက်တွေ့စေခဲ့ပါတယ်။
အထူးသဖြင့် ကူကူရယ်လာ၊ ကူလီဘလီ၊ ဂယ်လာဂါတို့က လိဒ်စ်ကစားသမားတွေရဲ့ Pressing အောက်မှာ တော်တော်လေး ရုန်းကန်ခဲ့ရပြီး အမှားအယွင်းတွေများခဲ့ပါတယ်။ ချဲလ်ဆီးတို့ ကစားကွက်တည်နိုင်ဖို့၊ ပွဲကို လွှမ်းမိုးနိုင်ဖို့ အချိန်ယူခဲ့ရပါတယ်။ တဖြည်းဖြည်းကစားကွက်စီးလာတဲ့အချိန်မှာတော့ မန်ဒီရဲ့မမျှော်လင့်ထားတဲ့ အမှားကြောင့် ချဲလ်ဆီးတို့ ဦးကျိုးခဲ့ရတာပါ။
မန်ဒီက မလိုအပ်ဘဲ အချိန်ဆွဲ ဘောလုံးကိုင်ထားရင်းက ပြိုင်ဘက် အာရွန်ဆင်ဆီ ဘောလုံးပါသွားပြီး လွတ်လွတ်ကျွတ်ကျွတ် ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။ အဲ့ဒီနောက် (၄) မိနစ်အကြာမှာပဲ ချဲလ်ဆီးတို့ နောက်တဂိုးထပ်ပေးခဲ့ရပါတယ်။ ပြစ်ဒဏ်ဘောကတဆင့် ဟာရီဆင်ကန်တင်ပေးတာကို ရိုဒရီဂိုက ခေါင်းတိုက်သွင်းယူခဲ့တာပါ။
ပထမပိုင်းမှာ ချဲလ်ဆီးက မေဆင်မောင့်ရဲ့ ကန်ချက်ကို မာဆလီယာ ကာကွယ်နိုင်ခဲ့တာ၊ စတာလင်ရဲ့ကန်ချက်ဂိုးဖြစ်ခဲ့ပေမယ့် လူကျွံခဲ့တာကြောင့်လည်း ချဲလ်ဆီးတို့ နစ်နာခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း ရီစီဂျိမ်းစ်၊ ဂယ်လာဂါတို့ရဲ့ကန်ချက်တွေ ဂိုးဘေးကပ်ထွက်ခဲ့တာ၊ လိဒ်စ်ဂိုးသမား ကာကွယ်နိုင်ခဲ့ပြီး ချဲလ်ဆီးတို့ နောက်တဂိုးထပ်ပေးခဲ့ရပါတယ်။
ဖြတ်တင်ဘောကတဆင့် ရိုဒရီဂိုဆီက လျှံထွက်လာတဲ့ဘောလုံးကို ဟာရီဆင်က ပိတ်သွင်းခဲ့ပြီး သုံးဂိုးမြောက်၊ ပွဲသိမ်းဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ ဒီကနေ့ခြေစွမ်းကတော့ လိုအပ်ချက်တွေ များပြားခဲ့ပြီး ပွဲပြီးခါနီးမှာလည်း ကူလီဘလီ နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ချဲလ်ဆီးအတွက်တော့ နှစ်ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့အပြင် ဒီရာသီ ပထမဆုံးရှုံးပွဲနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။
တချိန်တည်းကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ဘရိုက်တန်တို့ရဲ့ပွဲမှာလည်း ဧည့်သည်ဘရိုက်တန်ကို ဝက်စ်ဟမ်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘရိုက်တန်အတွက် ဂိုးတွေကို မက်အယ်လစ်စတာ၊ ထရော့ဆက်တို့က သွင်းယူပေးခဲ့ပြီး ယူနိုက်တက်၊ ဝက်စ်ဟမ်းတို့ကို အဝေးကွင်းမှာ အနိုင်ယူခဲ့တာပါ။ မိုယက်စ်ရဲ့ဝက်စ်ဟမ်းကတော့ သုံးပွဲကစားပြီးချိန်မှာ သုံးပွဲလုံးရှုံးနိမ့်ထားပြီး တော်တော်လေး အခြေအနေဆိုးနေပါတယ်။