(၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဆောက်ဂိတ်က သူ့ရဲ့အင်္ဂလန်လက်ရွေးစင် လူစာရင်းကို ထုတ်ပြန်ကြေညာခဲ့တာပါ။

ချဲလ်ဆီးကနေ အေစီမီလန်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဗဟိုနောက်ခံလူ တိုမိုရီဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဒဏ်ရာကြောင့်မပါဝင်နိုင်တဲ့ မက်ဂွိုင်းရားရဲ့နေရာကို အစားထိုးဝင်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။ တိုမိုရီဟာ အေစီမီလန်နဲ့အတူ ပုံစံကောင်းတွေပြသနေတာကြောင့် အခုလိုရွေးချယ်ခံခဲ့ရတာပါ။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ အန်ဒိုရာ၊ ဟန်ဂေရီတို့နဲ့ ကစားမယ့် (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် လက်ရွေးစင်လူစာရင်းကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး နောက်တန်းအတွက်တော့ တော်တော်လေး ခေါင်းကိုက်စရာဖြစ်ခဲ့ပါတယ်။ ဂိုးသမားနေရာအတွက် အာဆင်နယ်မှာ လက်စွမ်းပြနေတဲ့ ရမ်စ်ဒေးလ်၊ ပစ်ဖို့ဒ်နဲ့ ဆမ်ဂျွန်စတုန်းတို့ ပါဝင်ခဲ့ပါတယ်။

လီဗာပူးနောက်ခံလူ အာနိုးလ်ရော၊ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားပါ သူ့ရဲ့လူစာရင်းမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိသလို ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်ရဦးမယ့် ယူနိုက်တက်နောက်ခံလူ လုခ်ရှော၊ ချဲလ်ဆီးနောက်ခံလူ ရီစီဂျိမ်းစ်တို့ကိုလည်း ထည့်သွင်းရွေးချယ်ထားပါတယ်။

ကွင်းလယ်ပိုင်းမှာ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်၊ မန်စီးတီးက ဖိုဒန်၊ ယူနိုက်တက်နဲ့အတူ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြနေတဲ့ လင်ဂတ်၊ ချဲလ်ဆီးမှာကြံ့ခိုင်မှုပြဿနာရှိနေတဲ့ မေဆင်မောင့်၊ ဝက်စ်ဟမ်းက ဒကလန်ရိုက်စ်၊ လိဒ်စ်က ကယ်လ်ဗင်ဖီးလစ်တို့ ပါဝင်လာပါတယ်။

တိုက်စစ်ပိုင်းအတွက်တော့ မန်စီးတီးကစားသမား စတာလင်၊ အာဆင်နယ်က ဆာကာနဲ့ ယူနိုက်တက်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဆန်ချိုလည်း ပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် အက်စတွန်ဗီလာတိုက်စစ်မှူး ဝက်ကင်စ် ပါဝင်လာခဲ့ပြီး လိဒ်စ်တိုက်စစ်မှူး ဘမ်းဖို့ဒ်ကတော့ ဒဏ်ရာကြောင့် အင်္ဂလန်ရဲ့ပွဲစဥ်တွေကို လွဲချော်မှာဖြစ်ပါတယ်။

နောက်တန်းမှာ တိုမိုရီကို ရွေးချယ်ခဲ့တာနဲ့ပတ်သက်လို့ ဆောက်ဂိတ်က “သူက ကလပ်အသင်းမှာ အပတ်တိုင်းပါဝင်ကစားခွင့်ရရှိခဲ့ပြီး ဖိအားတွေအောက်မှာတောင် ပုံစံကောင်းတွေပြသထားပါတယ်”


“သူ့ရဲ့ပြေးအား၊ ယုံကြည်ချက်တွေက ပြိုင်ဘက်ကို ကောင်းကောင်းခုခံနိုင်ပြီး ဘောလုံးနဲ့အတူ ရွေ့လျားမှုကလည်း အချိန်ပြည့်တိုးတက်လာခဲ့ပါတယ်” လို့ ရွေးချယ်မှုနဲ့ပတ်သက်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ တိုမိုရီဟာ ချဲလ်ဆီးကနေ အေစီမီလန်ကို အငှားနဲ့သွားရောက်ကစားခဲ့ရင်း လက်ရှိအချိန်မှာတော့ အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

လတ်တလောခြေစွမ်းပြနေတဲ့ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်ကတော့ ဆောက်ဂိတ်ရဲ့လူစာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိသလို ယူနိုက်တက်တိုက်စစ်မှူး ဂရင်းဝုဒ်လည်း ရွေးချယ်ခံရခြင်းမရှိပါဘူး။ စပါးနဲ့အတူ ပုံစံကောင်းတွေပျောက်ဆုံးနေတဲ့ ဟာရီကိန်းအပေါ်မှာတော့ ဆောက်ဂိတ်က တစ်စုံတစ်ရာသံသယမရှိဘဲ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်လာလိမ့်မယ်လို့ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်ဟာ အောက်တိုဘာ (၉) မှာ အန်ဒိုရာနဲ့ အဝေးကွင်းပွဲသွားကစားရမှာဖြစ်ပြီး အဲ့ဒီနောက် (၃) ရက်အကြာ အောက်တိုဘာ (၁၂) မှာတော့ ဟန်ဂေရီကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။

Share

က္က