ယူနိုက်တက်တို့ ဆိုစီဒက်ကို တဂိုးအကွာနဲ့ပဲ အနိုင်ရခဲ့တာပါ။

ယူနိုက်တက်ကတော့ (၉) ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကိုဆက်ထိန်းပြီး စပိန်မြေမှာပါ အနိုင်ရရှိခဲ့ပေမယ့် ကျေနပ်စရာရလဒ်တော့ မဖြစ်ခဲ့ပါဘူး။ ယူနိုက်တက်တို့ ဒီပွဲမှာ အနည်းဆုံး နှစ်ဂိုးပြတ်နိုင်မှ အုပ်စုဗိုလ်နေရာကို ရရှိမှာဖြစ်ပြီး ဒီပွဲမှာ တဂိုးတည်း နဲ့ ကပ်နိုင်ခဲ့တာကြောင့် အုပ်စု ဒုတိယနေရာနဲ့သာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။



ဒီပွဲမှာ တန်ဟက်ခ်က ဗန်ဒီဘိခ်ကို တကျော့ပြန် အသုံးပြုခဲ့သလို တိုက်စစ်မှာလည်း ရော်နယ်ဒို၊ ဂါနာချိုနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ကို တွဲပေးထားခဲ့ပါတယ်။ ပွဲစစချင်း ဆိုစီဒက်က လျင်လျင်မြန်မြန် ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် ယူနိုက်တက်က အမှားအယွင်းမရှိခဲ့တာကြောင့် ဂိုးမရခဲ့ပါဘူး။ အဲ့ဒီနောက် ယူနိုက်တက်တို့ ဂိုးရရှိခဲ့ပြီး ဒီဂိုးကပဲ ယူနိုက်တက်အတွက် တလုံးတည်းသော အနိုင်ဂိုးဖြစ်ခဲ့ပါတယ်။

ရော်နယ်ဒို ခင်းပေးလိုက်တဲ့ ဘောလုံးကတဆင့် ဂါနာချို တောက်လျှောက်ဆွဲပြေးဝင်ပြီး ကန်သွင်းသွားခဲ့တာပါ။ ဂါနာချိုအတွက်တော့ စီနီယာအသင်းကြီးအတွက် ပထမဆုံးဂိုးကို သူ့စံပြပုဂ္ဂိုလ် ရော်နယ်ဒိုရဲ့ ဖန်တီးပေးမှုကတဆင့် သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပထမပိုင်းမပြီးခင်မှာတင် ဆိုစီဒက်တို့ ချေပဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဒီဂီယာက ထုံးစံအတိုင်း လက်စွမ်းပြခဲ့ပြန်ပါတယ်။

ဒုတိယပိုင်းမှာ တန်ဟက်ခ်က လင်ဒီလော့ဖ်၊ ဗန်ဒီဘိခ်တို့ကိုထုတ်ပြီး တွမ်မီနေး၊ ရပ်ရှ်ဖို့ဒ်တို့နဲ့ အပြောင်းအလဲလုပ်ခဲ့ပါတယ်။ မက်ဂွိုင်းရားလည်း ဝင်ကစားခဲ့ပေမယ့် ဗဟိုနောက်ခံလူနေရာမှာ မကစားဘဲ တိုက်စစ်မှာ အမြင့်ဘောအတွက် တက်ကစားခဲ့ပါတယ်။ ယူနိုက်တက်က ဒုတိယပိုင်းမှာ တော်တော်လေး ကစားအားကျသွားခဲ့ပါတယ်။

တန်ဟက်ခ်က လိုချင်တဲ့ပုံစံအတိုင်း လိုက်ကစားဖို့ မဖြစ်နိုင်တော့ဘဲ တန်ဟက်ခ်ကိုယ်တိုင်ကပါ ကျေကျေနပ်နပ်ကြီးနဲ့ အမြင့်ဘောတွေကို ရိုက်တင်စေခဲ့ဟန်ရှိပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်တို့ လိုအပ်နေတဲ့ အနိုင်ဂိုးကို မရခဲ့တာကြောင့် ချန်ပီယံလိဂ်ကဆင်းလာတဲ့အသင်းကြီးတွေနဲ့ ရှုံးထွက်အဆင့်မှာ ထိပ်တိုက်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က