ယူနိုက်တက်မှာ နောက်ခံလူ မက်ဂွိုင်းရားပါဝင်တဲ့ ပွဲတွေနဲ့ ပတ်သက်လို့ အချက်အလက်တွေနဲ့ ဆန်းစစ်ခဲ့ရာမှာ မက်ဂွိုင်းရားပါဝင်တဲ့ပွဲတွေက နိုင်ပွဲရာခိုင်နှုန်း ပိုမိုများပြားကြောင်း တွေ့ရှိခဲ့ရပါတယ်။ မက်ဂွိုင်းရားဟာ တန်ဟက်ခ်လက်ထက်မှာ ပုံမှန်နေရာပျောက်ဆုံးနေပြီး အသင်းခေါင်းဆောင်လက်ပတ်ကိုပါ ဆုံးရှုံးခဲ့ရတာပါ။
ဒါပေမယ့် ဒီအင်္ဂလန်လက်ရွေးစင် နောက်ခံလူက အသင်းမှာပဲ ဆက်နေပြီး ပုံမှန်တစ်နေရာအတွက် တိုက်ပွဲဝင်နေပါတယ်။ ဒါ့အပြင် လက်ရှိအင်္ဂလန်နဲ့ ပူးပေါင်းနေချိန်မှာလည်း သူ့ရဲ့ နိုင်ပွဲရာခိုင်နှုန်းက မြင့်မားကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါသေးတယ်။
အဲ့ဒါကြောင့်လည်း တန်ဟက်ခ်လက်အောက်မှာ (၅) ပွဲနဲ့အထက် ကစားထားတဲ့ ကစားသမားတွေကို ဆန်းစစ်ကြည့်ရာမှာတော့ မက်ဂွိုင်းရားက သူပြောသလိုပဲ နိုင်ပွဲရာခိုင်နှုန်း အများဆုံးဖြစ်နေပါတယ်။ မက်ဂွိုင်းရားဟာ အသင်းအတွက် (၃၅) ပွဲ ပါဝင်ကစားပေးထားတဲ့နောက် နိုင်ပွဲ (၂၇) ပွဲအထိ ရှိနေပြီး သူ့ရဲ့ နိုင်ပွဲရာခိုင်နှုန်းက (၇၇) ရာခိုင်နှုန်းအထိ ရှိနေတာပါ။
ဒါဟာ (၅) ပွဲနဲ့အထက် ကစားသမားတွေကြားထဲမှာ နိုင်ပွဲရာခိုင်နှုန်း အများဆုံးဖြစ်ပြီး (၁၀) ပွဲနဲ့ အထက် ကစားသမားစာရင်းမှာလည်း မက်ဂွိုင်းရားက နိုင်ပွဲရာခိုင်နှုန်း တတိယမြောက် အများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ (၁၀) ပွဲနဲ့ အထက် ကစားထားတဲ့ ကစားသမားတွေထဲမှာ နိုင်ပွဲရာခိုင်နှုန်းအများဆုံးက မာလာစီယာဖြစ်ပြီး (၈၃) ရာခိုင်နှုန်းရှိပါတယ်။
အဲ့ဒီနောက် ဂါနာချိုက (၇၉) ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာရှိနေပြီး မက်ဂွိုင်းရားက (၇၈) ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရှိနေတာပါ။ နောက်ပိုင်းပွဲတွေမှာတော့ ယူနိုက်တက်က ဗဟိုနောက်ခံလူတွေရဲ့ ဒဏ်ရာပြဿနာတွေကြောင့် မက်ဂွိုင်းရားကို ပြန်လည်ကစားခွင့်ပေးနေရပြီလည်း ဖြစ်ပါတယ်။