ယူနိုက်တက်ပရိသတ်တွေက မက်ဂွိုင်းရားရဲ့ အပြုအမူတစ်ခုကြောင့် ဒီကစားသမားက အသင်းခေါင်းဆောင်နေရာနဲ့ ထိုက်တန်ကြောင်း မှတ်ချက်ပြုခဲ့ကြပါတယ်။ မက်ဂွိုင်းရားဟာ အရင်ကလည်း ယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်ခဲ့ဖူးတာပါ။
ဒါပေမယ့် နောက်ပိုင်းမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့တာကြောင့် အသင်းခေါင်းဆောင်ရာထူးကို ဘရူနိုဖာနန်ဒက်စ်ဆီ လွှဲပြောင်းပေးလိုက်ရပါတယ်။ မက်ဂွိုင်းရားကို ယူနိုက်တက်ဘက်က ရောင်းထုတ်ဖို့ သတင်းထွက်ခဲ့သလို ပရိသတ်တွေကလည်း သူ့ကို အသင်းကနေ ထွက်သွားဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင် နောက်ခံလူကြီးကတော့ အကောင်းဆုံးခြေစွမ်းတွေနဲ့အတူ ပြန်လာနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်အတွက် ပုံမှန်ပွဲထွက်ခွင့်ပြန်ရခဲ့ပါတယ်။ ယူရိုမှာတော့ ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ရပါတယ်။
အခုချိန်မှာ ယူနိုက်တက်နဲ့ ရာသီကြိုပြင်ဆင်မှုတွေကို ပြုလုပ်နေပြီး အရန်အသင်းက ကစားသမားတွေ၊ လူငယ်ကစားသမားတွေက အသင်းကြီးနဲ့ ပူးပေါင်းလျက်ရှိပါတယ်။ ကစားသမားတွေ စုဝေးပြီး ကြံ့ခိုင်မှု လေ့ကျင့်ခန်းလုပ်နေချိန်မှာ မက်ဂွိုင်းရားက အကယ်ဒမီက ကစားသမားတွေကို တစ်ယောက်မကျန် လိုက်လံ နှုတ်ဆက် စကားပြောခဲ့ပါတယ်။
မက်ဂွိုင်းရားရဲ့ ဒီလုပ်ရပ်ကို ပရိသတ်တွေက သဘောကျနေကြပြီး မက်ဂွိုင်းရားက အသင်းခေါင်းဆောင် ပြန်ဖြစ်သင့်တယ်လို့ မှတ်ချက်ပြုနေကြတာပါ။ မက်ဂွိုင်းရားဟာ ဒဏ်ရာပြဿနာတွေ၊ ခြေစွမ်းပျောက်ဆုံးမှုတွေကြောင့် ရုန်းကန်နေရချိန်မှာလည်း တစ်ကိုယ်တော် သီးသန့်လေ့ကျင့်ခန်းတွေကို ဆက်တိုက် ပြုလုပ်ခဲ့ပါသေးတယ်။