အီတလီနဲ့ကစားရမယ့် ပွဲမတိုင်ခင်မှာ ပြောဆိုလိုက်တာပါ။

ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးနောက် မက်ဂွိုင်းယားဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်မှာ လုံး၀ပွဲထွက်ခွင့်မရတော့ပါဘူး။ နည်းပြတန်ဟက်ဂျ်က သူ့အသင်းဗဟိုခံစစ်မှာ ဗာရန်း+မာတီနက်ဇ်အတွဲကိုသာ ဦးစားပေးအသုံးပြုနေခဲ့ပြီး မက်ဂွိုင်းယားက အရန်ခုံပေါ်မှာသာရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ကို အင်္ဂလန်လက်ရွေးစင်အသင်းအတွက် နည်းပြဆောက်ဂိတ်က ခေါ်ယူရွေးချယ်ခဲ့သလို အဓိကကစားသမားလည်းဖြစ်တယ်လို့ ထောက်ခံခဲ့ပါတယ်။ 

အခုအခါမှာလည်း ဆောက်ဂိတ်က သူ့ခံစစ်မှူးက အင်္ဂလန်ရဲ့ အကောင်းဆုံးခံစစ်မှူးတွေထဲက တဦးဖြစ်နေဆဲလို့ ပြောဆိုလိုက်ပါတယ်။ မီလန်မှာ အီတလီနဲ့ကစားရမယ့် နေးရှင်းလိဂ်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါဟာ သူ့ကစားသမားကို သူ ဘယ်လောက်ထိ ယုံကြည်လဲဆိုတာကို ဆောက်ဂိတ်က ထပ်မံထုတ်ဖော်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ 

"ဘယ်သူမဆို ကိုယ့်ရဲ့ဆုံးဖြတ်ချက်အတွက် အမြဲတမ်းကျောထောက်နောက်ခံပေးနေရမှာပါ၊ မက်ဂွိုင်းယားက ကျနော်တို့အတွက် အရေးပါတဲ့ကစားသမားတယောက်လို့ ခံစားရပါတယ်၊ သူက ကျနော်တို့ရဲ့ အမြင့်ဘောအကောင်းဆုံးကစားနိုင်တဲ့ ဗဟိုခံစစ်မှူးပါ၊ သူနဲ့ ဂျွန်စတုန်းစ်တို့က ဘောလုံးနဲ့အတူရှိနေချိန်ဆိုရင် မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့သူတွေပါ" လို့ ဆောက်ဂိတ်က ပြောဆိုခဲ့ပါတယ်။ 

မက်ဂွိုင်းယားဟာ လက်ရှိမှာ ဝေဖန်လှောင်ပြောင်မှုတွေကို ရင်ဆိုင်နေရသူဖြစ်ပြီး မနေ့ကလည်း သူ့အတွက် ဘာတွေလိုအပ်လဲဆိုတဲ့အကြောင်းတွေကို ကြားလူကတဆင့် မီဒီယာတွေကို ပြောဆိုမှုတွေ လုပ်ခိုင်းခဲ့တယ်လို့ ယူဆရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရမက်ဂွိုင်းယားက မြန်နှုန်းမြင့်ကစားသမားမဟုတ်တာကြောင့် သူ့အတွက် မြန်နှုန်းမြင့်နောက်ခံလူအတွဲအဖက်လိုအပ်နေပြီး အဲဒီလိုသာဆိုရင် သူ ခြေစွမ်းပြနိုင်လိမ့်မယ်လို့ အဆိုပါနီးစပ်သူက ဖွင့်ဟခဲ့ပါတယ်။ 

ဒါ့အပြင် ယူနိုက်တက်အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့ကလည်း မက်ဂွိုင်းယားကို မကူညီခဲ့ကြဘူးလို့လည်း ပြောဆိုခဲ့ပြီး ကစားသမားက ယုံကြည်မှုရော၊ ပုံစံပါ ပျောက်ဆုံးသွားခဲ့တယ်လို့ ထပ်ပြောခဲ့ပါတယ်။ မက်ဂွိုင်းယားက ယူနိုက်တက်အတွက် ဒီရာသီမှာ ၃ပွဲ ပွဲထွက်ကစားခွင့်ရခဲ့ပြီး အဆိုပါ ၃ ပွဲစလုံးမှာ အသင်းကအရေးနိမ့်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က