ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းခေါင်းဆောင်ရာထူးပေးဖို့ တောင်းဆိုခဲ့ပေမယ့်လည်း ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ ရန်းနစ်ခ်က ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
ဆိုးလ်ရှားလက်ထက်မှာ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ ဟာရီ မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ရာသီတွေမှာ စိတ်ပျက်ဖွယ် ခြေစွမ်းကြောင့် ပြစ်တင်ဝေဖန်မှုတွေ အပြင်းအထန် ခံခဲ့ရသူဖြစ်ပြီး အသင်းခေါင်းဆောင်ရာထူးနဲ့ မထိုက်တန်သူလို့ ဘောလုံးဝေဖန်သူအများအပြားက ပြောဆိုခြင်းခံခဲ့ရတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ စိတ်ပျက်ဖွယ် ရုန်းကန်နေခဲ့ရတာကြောင့် နည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီး ရန်းနစ်ခ်ကို ယာယီနည်းပြအဖြစ်နဲ့ အစားထိုး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ အပြောင်းအလဲမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဟာရီ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်ရာထူးကနေ ထုတ်ပယ်ပြီး ၎င်းကို အသင်းခေါင်းဆောင်ခန့်အပ်ဖို့အတွက် ဂျာမန်လူမျိုးနည်းပြကို တောင်းဆိုခဲ့ပေမယ့် ရန်းနစ်ခ်က ငြင်းပယ်ခဲ့တယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျာမန်လူမျိုးနည်းပြလက်အောက်မှာလည်း ရုန်းကန်ခဲ့ရပြီး အမှတ်ပေးဇယား အဆင့် ၆ နေရာမှာသာ ရာသီပြီးဆုံးခဲ့သလို ရမှတ် ၅၈ မှတ်နဲ့ ပရီးမီယားလိဂ်ခေတ်သစ်မှာ ရမှတ်အနည်းဆုံး ရာသီဖြစ်ခဲ့တာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ပီးယာ့စ် မော်ဂန်နဲ့ အင်တာဗျူးမှာ ရာ့လ်ဖ် ရန်းနစ်ခ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်ခဲ့ပြီး “ခင်ဗျားက နည်းပြတောင် မဟုတ်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး မန်ချက်စတာယူနိုက်တက်နည်းပြဖြစ်လာနိုင်မှာလဲ။ ကျွန်တော်ဖြင့် သူ့နာမည်ကို ကြားတောင် မကြားဖူးဘူး”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂-၂၀၂၃ရာသီမစတင်ခင်မှာ မန်ချက်စတာယူနိုက်တက်အသင်းက အဲရစ် တန်ဟက်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့ချိန်မှာလည်း ဒတ်ချ်လူမျိုးနည်းပြက ဟာရီ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။