မက်ဆီကတော့ ကာတာကမ္ဘာ့ဖလားဟာ သူ့အတွက် နောက်ဆုံးကမ္ဘာ့ဖလားလို့ဆိုထားပါတယ်။

အာဂျင်တီးနားလက်ရွေးစင်နည်းပြ စကာလိုနီက လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဟာ မက်ဆီအတွက် နောက်ဆုံးသောကမ္ဘာ့ဖလားပြိုင်ပွဲမဖြစ်ဖို့ မျှော်လင့်ပြီး လာမယ့် (၂၀၂၆) ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ကစားစေဖို့ ဆန္ဒရှိကြောင်း ဖွင့်ဟလာပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာကျင်းပမယ့် ကာတာကမ္ဘာ့ဖလားဟာ သူ့အတွက် နောက်ဆုံးသောကမ္ဘာ့ဖလားဖြစ်ကြောင်း မက်ဆီက ပြောကြားပြီးသားပါ။



မက်ဆီရဲ့ အသက်က လာမယ့် (၂၀၂၆) ကမ္ဘာ့ဖလားကစားချိန်မှာ (၃၉) နှစ်ရှိနေမှာဖြစ်ပါတယ်။ မက်ဆီကတော့ သူ့ရဲ့ အနာဂတ်ကို ကာတာကမ္ဘာ့ဖလားအပြီးမှာတင် ဆုံးဖြတ်တော့မှာဖြစ်ပြီး မထင်မှတ်ဘဲ ကစားသမားဘဝက အနားယူသွားတာမျိုးလည်းဖြစ်နိုင်တယ်လို့ ပရိသတ်အချို့က ယူဆနေပါတယ်။

ဒါပေမယ့် အာဂျင်တီးနားလက်ရွေးစင်နည်းပြ စကာလိုနီကတော့ “ဒီနှစ်ကမ္ဘာ့ဖလားက မက်ဆီအတွက် နောက်ဆုံး ကမ္ဘာ့ဖလားမဖြစ်ဖို့ မျှော်လင့်ပါတယ်။ သူက ကွင်းထဲမှာ ပျော်နေပြီး လူပေါင်းများစွာကိုလည်း ပျော်ရွှင်အောင် လုပ်ပေးနေပါတယ်။ ကျနော်တို့ သူ့ကို ဂရုစိုက်ပြီး ဒီတိုင်းပဲ သူ့ကို ဆက်တွဲခေါ်သွားရင် သူ့ဆီက နောက်ထပ်ပွဲပေါင်းများစွာကို မျှော်လင့်နိုင်ပါသေးတယ်”

“ဘာကြောင့်လဲဆိုတော့ ဘောလုံးလောကကြီးကလည်း ဒါကိုပဲ တောင်းဆိုနေတာလေ” လို့ ပြောကြားသွားခဲ့ပါတယ်။ လာမယ့် (၂၀၂၆) မြောက်အမေရိကတိုက်မှာကျင်းပမယ့် ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားက လော်တာရိုမာတီနက်ဇ်၊ ဂျူလီယန်အယ်လ်ဗရက်ဇ်၊ ဒီဘားလား၊ ဂျီယိုဗန်နီဆီမြွန်နီနဲ့ ဂျိုအာကွင်းကော်ရီယာတို့လို ကစားသမားတွေ ဆက်ကစားနိုင်ဦးမှာဖြစ်ပါတယ်။

လာမယ့် ကာတာကမ္ဘာ့ဖလားအပြီးမှာတော့ မက်ဆီအပြင် အခြားသော ကြယ်ပွင့်တယောက်ဖြစ်တဲ့ ဒီမာရီယာကပါ အာဂျင်တီးနားလက်ရွေးစင်အသင်းကနေ အနားယူသွားမယ်လို့ ကြေညာပြီးဖြစ်ပါတယ်။ အာဂျင်တီးနားဟာ မက်ဆီအတွက် နောက်ဆုံးသောကမ္ဘာ့ဖလားဖြစ်လာမယ့် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက်လည်း အထူးရေပန်းစားလျက်ရှိပါတယ်။ 

Share

Loading Next Article...
က္က