မကြာခင် ရောက်ရှိလာတော့မယ့် နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အလွတ်နဲ့ခေါ်ယူနိုင်မယ့် ထိပ်တန်းကစားသမားတွေ အများအပြားရှိနေပါတယ်။ ကလပ်အသင်းတွေအတွက်တော့ မက်မောစရာကစားသမားတွေဖြစ်ပြီး သူတို့အတွက် ပေးချေရမယ့် လုပ်ခလစာကိုသာ ပေးချေနိုင်မယ့် အင်အားရှိရင်တော့ ညှိနှိုင်းခေါ်ယူနိုင်မှာပါ။
ဒီစာရင်းထဲမှာဆိုရင် ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် လီယွန်နယ်မက်ဆီလည်း ပါဝင်နေပါတယ်။ မက်ဆီက ပြင်သစ်ကလပ်မှာ ၂ ရာသီကြာကစားအပြီး စာချုပ်သစ်မချုပ်ရသေးလို့ အလွတ်နဲ့ခေါ်ယူနိုင်မှာပါ။ အသင်းဟောင်း ဘာစီလိုနာနဲ့ ဆော်ဒီကလပ်တွေက သူ့ကိုစိတ်ဝင်စားနေပြီး ဆော်ဒီကလပ် အယ်လ်ဟီလယ်ကို မက်ဆီက တရာသီလုပ်ခ ယူရိုသန်း ၄၀၀ နဲ့ ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေပါတယ်။
နောက်တဦးကတော့ ဘန်ဇီမာပါ။ သူကလည်း ရီးရဲလ်နဲ့ စာချုပ်သစ်မချုပ်ရင် အလွတ်နဲ့ခေါ်ယူနိုင်မှာပါ။ လက်ရှိသတင်းတွေအရတော့ သူလည်းပဲ ဆော်ဒီကလပ် အယ်လ်အီတီဟတ်ကို ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေပါတယ်။ တရာသီလုပ်ခ ယူရိုသန်း ၁၀၀ အထိ ရရှိမှာဖြစ်ပြီး ရီးရဲလ်လိုအသင်းမှာ သူ အင်ပြည့်အားပြည့်နဲ့ ကစားပေးနိုင်မှာမဟုတ်တေ့ာဘူးလို့ ဘန်ဇီမာက ယူဆနေပါတယ်။
ချယ်လ်ဆီးကွင်းလယ်လူ အန်ဂိုလိုကန်တေလည်း ရှိပါသေးတယ်။ လာမယ့်နွေရာသီဆို သူနဲ့ ချယ်လ်ဆီးက စာချုပ်သက်တမ်းပြည့်ပါပြီ။ ပြင်သစ်ကွင်းလယ်လူကို စာချုပ်သစ်ချုပ်ဖို့ ချယ်လ်ဆီးက ကြိုးစာားနေပေမယ့်လည်း မထင်မှတ်ဘဲ အသင်းကထွက်ခွာသွားနိုင်ပါတယ်။ နောက်ထပ်ကစားသမားတွေကတော့ လက်စတာက တိုင်လီမန်း၊ ဘာစီလိုနာကထွက်ခွာခဲ့ပြီဖြစ်တဲ့ ဆာဂျီယိုဘက်ကွက်စ်၊ မန်ချက်စတာစီးတီးကွင်းလယ်လူ ဂန်ဒိုဂန်၊ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီခရူးစ်တို့ ရှိပါတယ်။
ဂျူဗီတောင်ပံကစားသမား အိန်ဂျယ်ဒီမာရီယာ၊ လီဗာပူးလ်တိုက်စစ်မှူးရောဘတ်တိုဖာမီနို၊ ရီးရဲ့လ်ကွင်းလယ်လူ လူကာမိုဒရစ်၊ လီဗာပူးလ်ကွင်းလယ်လူ ကီတာ၊ အေစီမီလန်က ဇလာတန်အီဘရာဟီမိုဗစ်၊ အင်တာမီလန်နောက်ခံလူ စကီရီနိယာ၊ ဂျူဗီကွင်းလယ်လူ ရာဘီယော့၊ ခရစ္စတယ်ပဲလေ့စ်က ဝီဖရိုက်ဒ်ဇာဟာ၊ ရီးရဲလ်မက်ဒရစ်က မာကိုအဆန်စီယို၊ နော်တင်ဟမ်ဖောရက်စ်က လင်ဂတ်တို့ကိုလည်း အလွတ်နဲ့ခေါ်ယူနိုင်မှာပါ။