မက်ဆီက ပီအက်စ်ဂျီအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တာပါ။

ဒီကနေ့ညနေပိုင်းမှာ ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ကာဝါဆာကီဖရွန်တေးလ်တို့ရဲ့ ခြေစမ်းပွဲစဥ်မှာ အာဆီယံ နာမည်ကျော် ကစားသမားလေး ချာနာသစ်က ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။ အဆိုပါ ထိုင်းလက်ရွေးစင် ကစားသမားလေးဟာ ဒုတိယပိုင်း ပွဲကစားချိန် (၅၅) မိနစ်အထိ ပါဝင်ကစားခွင့်ရရှိခဲ့တာပါ။



တဖက်က ပီအက်စ်ဂျီမှာလည်း မက်ဆီ၊ နေမာ၊ အမ်ဘာပေ၊ ရာမို့စ်၊ ဒွန်နာရမ်မာတို့လို ထိပ်တန်းကစားသမားတွေ အစုံအလင် ပါဝင်ခဲ့ပြီး ချာနာသစ်အတွက်တော့ တကယ်ကို ဂုဏ်ယူစရာ အခိုက်အတန့်လည်းဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုးကိုတော့ ပွဲကစားချိန် (၃၁) မိနစ်မှာ မက်ဆီက သွင်းယူပေးခဲ့ပါတယ်။

ဒီဂိုးမှာ ဟာကီမီ ပြန်ချပေးလိုက်တဲ့ ဘောလုံးကို မက်ဆီက ညာခြေနဲ့ ကန်သွင်းခဲ့ရာမှာ ပြိုင်ဘက်နောက်ခံလူနဲ့ထိ လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့တာပါ။ ဒါဟာ မက်ဆီအတွက်လည်း ရာသီကြိုမှာ ပီအက်စ်ဂျီအတွက် ပထမဆုံးဂိုးဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ မက်ဆီ၊ နေမာ၊ ကင်ပမ်ဘီ၊ ဟာကီမီတို့ကို လူစားလဲခဲ့ပေမယ့် မက်ဆီကတော့ ဆက်လက်ကစားခွင့်ရရှိခဲ့ပါတယ်။ ချာနာသစ်ကတော့ ပွဲကစားချိန် (၅၅) မိနစ်မှာ လူစားလဲခံခဲ့ရပြီး (၅၇) မိနစ်မှာတော့ ပီအက်စ်ဂျီအတွက် ဘားနက်ရဲ့ ဖန်တီးပေးမှုကတဆင့် မူအင်ဂါက ပိတ်သွင်းယူခဲ့ပါတယ်။

ပွဲကစားချိန် (၆၁) မိနစ်မှာတော့ နည်းပြ ဂဲလ်တီယာက မက်ဆီကို အနားပေးခဲ့ပါတယ်။ ပွဲပြီးခါနီးမှာတော့ ကာဝါဆာကီအတွက် ချေပဂိုးတဂိုးကို ယာမာမူရာက သွင်းယူပေးခဲ့တာကြောင့် ပီအက်စ်ဂျီတို့ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ဂျပန်မြေမှာ နောက်ထပ်ခြေစမ်းပွဲနှစ်ပွဲအဖြစ် အူရာဝါရက်ဒ်၊ ဂမ်ဘာအိုဆာကာတို့နဲ့ ရင်ဆိုင်သွားမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က