မက်ဆီနဲ့ ဘူးစကွက်စ်တို့နှစ်ယောက် အတိုင်အဖောက်ညီနေခဲ့တာပါ။

အင်တာမိုင်ယာမီ ကစားသမားနှစ်ယောက်ဖြစ်တဲ့ မက်ဆီနဲ့ ဘူးစကွက်စ်တို့နှစ်ယောက် လေ့ကျင့်ခန်းဆင်းနေတဲ့ ဗီဒီယိုဖိုင်က ပရိသတ်တွေအကြားမှာ ရေပန်းစားလျက်ရှိပါတယ်။ ဒီကစားသမားနှစ်ယောက်ဟာ တနင်္လာနေ့ကမှ အင်တာမိုင်ယာမီ ကစားသမားတွေအဖြစ် တရားဝင်မိတ်ဆက်ခဲ့ကြတာပါ။



နှစ်ယောက်လုံးက ပီအက်စ်ဂျီ၊ ဘာစီလိုနာတို့ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာခဲ့ကြတဲ့ ကစားသမားတွေဖြစ်ပြီး ဘာစီလိုနာ ကစားသမားဟောင်းနှစ်ယောက် အင်တာမိုင်ယာမီမှာ ပြန်လည်ပေါင်းစည်းဖြစ်ခဲ့ကြတာပါ။ အင်တာမိုင်ယာမီရဲ့ ပူးတွဲပိုင်ရှင် ဘက်ခမ်းကိုယ်တိုင်ကပါ မက်ဆီရဲ့ ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ်ကို လာရောက်ကြည့်ရှုအားပေးခဲ့ပါသေးတယ်။

အခုချိန်မှာတော့ မက်ဆီနဲ့ ဘူးစကွက်စ်တို့နှစ်ယောက် အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းမှာ အလယ်က ပိုက်ကွန်ချ၊ ဟိုဘက်ဒီဘက် နှစ်ယောက်ကြား ဘောလုံး အပေးအယူကို လေပေါ်ကနေ ပြုလုပ်ရင်း လေ့ကျင့်ခန်း ဆင်းနေပုံကို ပရိသတ်တွေက တစ်ခုတ်တရ ချီးကျူးနေကြပါတယ်။ ဘောလုံးကို မြေပေါ်မှာ တစ်ချက်သာ အထောက်ခံပြီး ဟိုဘက်ဒီဘက် တော့ ပေးရတဲ့ ဒီအစီအစဉ်မှာ နှစ်ယောက်က တည်တည်ငြိမ်ငြိမ်နဲ့ အမှားအယွင်းမရှိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ပရိသတ်တွေက “မက်ဆီကတော့ အာဂျင်တီးနားနဲ့ ကာတာပြင်ပမှာ နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဘောလုံးကို ပျော်ပျော်ရွှင်ရွှင် ကစားနေတာပဲ” “နတ်ပြည်က ပွဲတစ်ပွဲလိုမျိုးပဲ” “ငါတို့ လိုချင်တဲ့ပုံစံမျိုးကို ပြန်ရခဲ့ပြီ” အစရှိသဖြင့် အမျိုးမျိုး သုံးသပ်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အင်တာမိုင်ယာမီကို ဘာစီလိုနာ ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ အင်နီယေစတာနဲ့ အယ်လ်ဘာလည်း ထပ်မံ ရောက်ရှိလာပြီဖြစ်ပါတယ်။

သတင်းတွေရဲ့ဖော်ပြချက်အရ ဘက်ခမ်းရဲ့အသင်းဟာ နောက်ထပ် ဘာစီလိုနာရဲ့ တိုက်စစ်မှူးဟောင်းတစ်ယောက်ဖြစ်တဲ့ ဆွာရက်ဇ်ကိုလည်း ချိတ်ဆက်လျက်ရှိကြောင်း သိရှိရပါတယ်။ ဆွာရက်ဇ်သာ ထပ်မံရောက်ရှိလာခဲ့မယ်ဆိုရင်တော့ မက်ဆီအနေနဲ့ အင်တာမိုင်ယာမီမှာ သူ့ရဲ့ ဘာစီလိုနာအသင်းဖော်ဟောင်းအများစုနဲ့ ပြန်လည် ဆုံစည်းနိုင်တော့မှာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က