လီဗာပူးနဲ့ ဟန်ဂေရီတို့ရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဆိုဘို့ဇလိုင်းဟာ မနေ့ညက မွန်တီနီဂရိုးကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို - ၂၀၂၄ ခြေစစ်ပွဲမှာ အသင်းအတွက် ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မွန်တီနီဂရိုးက ဟန်ဂေရီကို ပထမပိုင်းမှာကတည်းက ဦးဆောင်ခဲ့တာပါ။
ဒါပေမယ့် ဒုတိယပိုင်း ပွဲကစားချိန် (၆၆) မိနစ်နဲ့ (၆၈) မိနစ်တို့မှာ ဆိုဘို့ဇလိုင်းက အသင်းအတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုး နှစ်ဂိုး ဆက်တိုက် သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် သူ သွင်းယူခဲ့တဲ့ သွင်းဂိုးတစ်ဂိုးကလည်း ပရိသတ်တွေအကြားမှာ တော်တော်လေး ရေပန်းစားနေပါတယ်။
ဆိုဘို့ဇလိုင်းဟာ ဧရိယာအစပ်မှာ ရလာတဲ့ ဘောလုံးကို ပြိုင်ဘက်ကစားသမားရဲ့ ခြေထောက်ကြားထဲက ထုတ်၊ အဲ့ဒီနောက် (၆) ကိုက်စည်းအတွင်း ဆွဲဝင်ပြီး အပြင်း ကန်သွင်းခဲ့တာပါ။ ဆိုဘို့ဇလိုင်းရဲ့ ဒီသွင်းဂိုးက ပြိုင်ဘက် ကစားသမားတွေနဲ့ ဂိုးသမားအတွက် အငိုက်မိစရာဖြစ်ခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ဆိုဘို့ဇလိုင်းရဲ့ ထိုးဖောက်မှု၊ ဂိုးပေါက်ကန်သွင်းမှုကို မကာကွယ်နိုင်ဘဲ ဂိုးပေးလိုက်ရတာပါ။ ပွဲအပြီးမှာတော့ ဟန်ဂေရီက မွန်တီနီဂရိုးကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဆိုဘို့ဇလိုင်းရဲ့ သွင်းဂိုးပုံစံကလည်း မက်ဆီ၊ ဟာဇက်တို့ သွင်းယူလေ့ရှိတဲ့ ပုံစံမျိုးနဲ့ ဆင်တူခဲ့ပါတယ်။