ဘရာဇီးဂန္တဝင်ကစားသမားကြီး ရော်နယ်ဒိုဟာ သူ့အနေနဲ့ မဟာပြိုင်ဘက် အာဂျင်တီးနားက မက်ဆီတယောက် ကမ္ဘာ့ဖလား ကိုင်မြှောက်တာကို မြင်တွေ့လိုတဲ့ ဆန္ဒမရှိကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားဟာ မက်ဆီအတွက် နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာတော့မှာပါ။
ဒီကမ္ဘာ့ဖလားမှာ မက်ဆီကို အာဂျင်တီးနားနဲ့အတူတူအောင်ပွဲခံတာ မြင်တွေ့လိုတဲ့ ပရိသတ်တွေရှိနေပါတယ်။ မက်ဆီအနေနဲ့လည်း ကမ္ဘာ့ဖလားချန်ပီယံဆုကိုသာ ဆွတ်ခူးနိုင်ခဲ့ရင် သူ့ရဲ့ ကစားသမားဘဝက အရာအားလုံး ပြီးပြည့်စုံသွားပြီလို့တောင်ဆိုနိုင်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ မက်ဆီ ကမ္ဘာ့ဖလားကိုင်မြှောက်တာကို မြင်တွေ့ချင်လားဆိုတဲ့ မေးခွန်းအပေါ် အခုလို တုံ့ပြန်လာပါတယ်။
ရော်နယ်ဒိုက “မက်ဆီက စပိန်နိုင်ငံသားတယောက်ဆိုရင်တော့ ကျနော် မြင်ချင်ပါတယ်။ ဒါပေမယ့် ဘရာဇီးနဲ့ အာဂျင်တီးနား အားပြိုင်မှုက ကြီးမားလွန်းပါတယ်။ ကျနော်တို့မှာ လေးစားမှုအပြည့်နဲ့ အံ့အားသင့်ဖွယ်ရာ ပြိုင်ဆိုင်မှုတွေရှိခဲ့ကြတာပါ။ ဒါကလည်း ဘောလုံးလောကမှာ ချစ်စရာအကောင်းဆုံးအရာတွေပါပဲ။ ဒါပေမယ့် အာဂျင်တီးနား ကမ္ဘာ့ဖလားကိုင်မြှောက်တာကို မစဥ်းစားချင်ပါဘူး”
“မက်ဆီက ကမ္ဘာ့ဖလား ချန်ပီယံဆုနဲ့ ထိုက်တန်လားဆိုရင်တော့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ဒါမျိုးဖြစ်လာဖို့အတွက်ဆိုပြီး အားပေးနေမှာတော့ မဟုတ်ပါဘူး။ ကျနော် မက်ဆီကို ချစ်ခင်ပါတယ်။ သူလည်း ကျနော် ပြောတာတွေကို နားလည်မှာပါ။ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင်လည်း ဘရာဇီးနဲ့ ပတ်သက်လာရင် ဒါမျိုး တထပ်တည်း ခံစားရနိုင်တာ သေချာပါတယ်”
“သူသာ ကမ္ဘာ့ဖလားရခဲ့ရင် ဒီယေဂိုမာရာဒိုနာလိုမျိုး လေးစားမှုတွေရလာမှာပါ။ မာရာဒိုနာကို ကျနော်တို့ ဘရာဇီးကလည်း လေးစားမှုထားပါတယ်။ ဒါပေမယ့်လည်း မက်ဆီ ကမ္ဘာ့ဖလားကိုင်မြှောက်တာကိုတော့ မမြင်တွေ့လိုပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားမှာ ဆော်ဒီအာရေဘီးယား၊ ပိုလန်၊ မက္ကဆီကိုတို့နဲ့ တအုပ်စုတည်း ကျရောက်နေပြီး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက တသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။