ဘောလုံးဝေဖန်သူ ဂျေမီ ရက်နပ်က လီယွန်နယ် မက်ဆီ ကမ္ဘာ့ဖလား ရရှိခဲ့မှုက ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပိုမိုကောင်းမွန်တဲ့ ကစားသမားလို့ ခံစားနေရတဲ့သူတွေရဲ့ စိတ်ကို ပြောင်းလဲစေမှာမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။
ဒါပေမယ့်လည်း လီဗာပူးလ်ကြယ်ပွင့်ဟောင်းက လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ထဲက ဘယ်သူက တသက်တာအကောင်းဆုံးကစားသမားလဲလို့ ရွေးချယ်ရာမှာတော့ အာဂျင်တီးနားကြယ်ပွင့်ကို ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့တဲ့ လီယွန်နယ် မက်ဆီဟာ ၎င်းရဲ့ တောက်ပတဲ့ ကစားသမားဘဝမှတ်တမ်းကို အချိုပေါ် သကာဆင့်သလို ဖြစ်ခဲ့တယ်လို့ အများစုက ယုံကြည်ခဲ့ကြတာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ ကလပ်အသင်းဆုဖလားတွေနဲ့ တစ်ဦးချင်း ဆုတံဆိပ်ဆုများစွာ ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ အကြီးမားဆုံး ရရှိနိုင်တဲ့ ဆုဖလား ၂ လုံးဖြစ်တဲ့ ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကဖလားကို ဆက်တိုက် ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး အများစုက အဲဒါဟာ အာဂျင်တီးနားတိုက်စစ်မှူးကို ရော်နယ်လ်ဒိုထက် သာလွန်စေခဲ့တယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ ယူရို ၂၀၁၆နဲ့ နေးရှင်းလိဂ်ဖလားတို့ကို ကိုင်မြှောက်ထားနိုင်ခဲ့သူဖြစ်ပြီး လူအချို့အတွက်တော့ ပေါ်တူဂီကြယ်ပွင့်ဟာ ဘောလုံးပြိုင်ပွဲရဲ့ တသက်တာ အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။
ရက်နပ်က လီယွန်နယ် မက်ဆီရဲ့ ကမ္ဘာ့ဖလားအောင်မြင်မှုဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဘက်က ရပ်တည်နေတဲ့လူအချို့ရဲ့ ထင်မြင်ချက်ကို အပြောင်းအလဲ ဖြစ်စေမှာမဟုတ်ဘူးလို့ ယုံကြည်နေတာဖြစ်ပြီး ပိုချက်တီနို၊ ဗယ်ရွန်၊ ဆီးဒေါ့ဖ်တို့နဲ့ ဆွေးနွေးနေချိန်အတွင်း Sky Sports ကို ပြောကြားခဲ့တာဖြစ်ပါတယ်။ "မက်ဆီမှာက ဘုရားသခင်က ပေးခဲ့တဲ့ ပါရမီက ရှိနေပါတယ်။ ဒါပေမယ့် တခြားလူတွေက ရော်နယ်လ်ဒိုက သူရခဲ့တာတွေအားလုံးအတွက် အလုပ်လုပ်ခဲ့ရတယ်လို့ ပြောလိမ့်မယ်။ သူက နှစ်ပေါင်းများစွာ ထူးခြားကောင်းမွန်ခဲ့ပါတယ်။ သူက အဲဒါကို မတူညီတဲ့လိဂ်တွေမှာ လုပ်နိုင်ခဲ့တယ်လို့ ပြောကြပါလိမ့်မယ်"
"အဲဒီတော့ ခင်ဗျားက ကမ္ဘာပေါ်မှာ ရော်နယ်လ်ဒိုက အကောင်းဆုံးကစားသမားလို့ ထင်တယ်ဆိုရင် မက်ဆီက ကမ္ဘာ့ဖလား ရခဲ့လို့ ခင်ဗျားရဲ့ စိတ်ကို မပြောင်းလဲလိုက်ပါနဲ့။ အဲဒါက ခင်ဗျား ယုံကြည်တာနဲ့ပဲ သက်ဆိုင်ပါတယ်။ အခုတော့ မက်ဆီက ကျွန်တော့်အတွက် အကောင်းဆုံးပါပဲ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။