လီယွန်နယ် မက်ဆီအနေနဲ့ ပြင်သစ်ကို အနိုင်ရပြီး ကမ္ဘာ့ဖလား ရရှိခဲ့ရင်တောင် ဒီယေဂို မာရာဒိုနာရဲ့ GOAT ဘွဲ့ကို ရရှိမှာမဟုတ်ဘူးလို့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း စတန် ကော်လီမိုးက ပြောကြားခဲ့ပါတယ်။
စတန် ကော်လီမိုးက မာရာဒိုနာဟာ ဘောလုံးပြိုင်ပွဲက ရုပ်ပိုင်းဆိုင်ရာ ပိုမိုပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်ခဲ့တဲ့အချိန်တုန်းက ကစားခဲ့ပြီး အောင်မြင်မှု ရရှိခဲ့တာကြောင့် GOAT အဖြစ် ဆက်ရှိနေဦးမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ "တကယ်လို့ မက်ဆီ ဒီည ကမ္ဘာဖလားရသွားခဲ့ရင် လူတွေက သူက တသက်တာအကောင်းဆုံးကစားသမားလို့ ပြောကြမှာဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝ မှတ်တမ်းတွေကြောင့် အဲဒီလိုပြောကြမှာကို ကျွန်တော် နားလည်ပါတယ်"
"ကမ္ဘာ့ဖလား အနိုင်ရရှိသူ ဆုတံဆိပ်ဟာ သူ့ရဲ့ ဗီဒိုထဲမှာ ပျောက်ဆုံးနေတဲ့ ဆုဖလားတစ်ခုဖြစ်ပြီး အဲဒါက မာရာဒိုနာကို ဘေးဖယ်ထားပြီး သူတို့တွေ အကောင်းဆုံးကစားသမားအကြောင်း ငြင်းခုံနေကြချိန်မှာ လူအများထောက်ပြတဲ့အရာတစ်ခုပါ။ ဒါပေမယ့်လည်း ကျွန်တော်ကတော့ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေမှာ စည်းမျဉ်းတွေ ပြောင်းလဲသွားတဲ့အချက်ကိုပဲ ပြောမှာဖြစ်ပြီး ပြောင်းလဲလိုက်တဲ့ စည်းမျဉ်းတွေက မက်ဆီကို မာရာဒိုနာ ဘယ်တုန်းကမှ မရောက်နိုင်ခဲ့တဲ့ လမ်းကြောင်းဆီ သွားခွင့်ပြုခဲ့တယ်။ အဲဒီအကြောင်းအရင်းကြောင့်ပဲ မာရာဒိုနာက ကျွန်တော့်အတွက် တသက်တာအကောင်းဆုံးကစားသမားဖြစ်နေပါလိမ့်မယ်"
ကော်လီမိုးက ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ မာရာဒိုနာ ရင်ဆိုင်ခဲ့ရတဲ့ အန်ဒိုးနီး ဂွိုင်ကိုအေချေယာလိုမျိုး ရုပ်ပိုင်းဆိုင်ရာအားကောင်းတဲ့ နောက်ခံကစားသမားမျိုးနဲ့ မရင်ဆိုင်ခဲ့ရဘူးလို့ ပြောကြားခဲ့ပါတယ်။ "သူက မာရာဒိုနာကို အရွတ်စုတ်ပြဲပြီး ခြေကျင်းဝတ်ကျိုးတဲ့အထိ ဖျက်ထုတ်ခဲ့တဲ့အတွက် အစပိုင်းမှာ ၁၈ ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရပြီးနောက် ၁ နှစ်အထိ ပွဲပယ်ခံခဲ့ရတဲ့ ဘီလ်ဘာအိုရဲ့သားသတ်သမား ဂွိုင်ကိုအေချေယာလိုမျိုး ကစားသမားမျိုးနဲ့ မရင်ဆိုင်ခဲ့ရတာတော့ သေချာပါတယ်။ မက်ဆီသာ မာရာဒိုနာလိုမျိုး ဒဏ်ရာကနေ ပြန်လာပြီး သူ ပြသခဲ့တဲ့ ခြေစွမ်းအဆင့်အတန်းမျိုး ပြသနိုင်မလားဆိုတာကို ခင်ဗျား သိချင်နေမှာပါ။ မာရာဒိုနာက အဲဒီဒဏ်ရာပြဿနာတွေကို ကျော်လွှားဖို့ ဇွဲလုံ့လရှိခဲ့ပြီး အဲဒါကြောင့် သူက သူ့ရဲ့နိုင်ငံသားတွေအပေါ်မှာ လွှမ်းမိုးနေတာပါ"လို့ ပြောကြားခဲ့ပါတယ်။