ပရိသတ်တစ်ယောက်ဟာ Philadelphia ကနေ Florida ကို မိုင်ပေါင်း (၁,၂၀၀) ခရီးနှင်ပြီး မက်ဆီ ကစားတာကို ကြည့်ရှုဖို့ လာရောက်ခဲ့ပေမယ့် မက်ဆီ အင်တာမိုင်ယာမီအတွက် ကစားပေးနိုင်ခြင်းမရှိသေးတာကို မသိရှိခဲ့တာကြောင့် မျှော်လင့်ချက်တွေ ရေစုန်မျောခဲ့ရပါတယ်။ မက်ဆီဟာ အင်တာမိုင်ယာမီကို ပြောင်းရွှေ့တော့မှာ သေချာနေပေမယ့် လက်ရှိမှာတော့ ပီအက်စ်ဂျီ ကစားသမားအဖြစ်သာ ရှိနေဆဲပါ။
မက်ဆီရဲ့ပရိသတ်ဟာ “GOAT ကို မြင်ရဖို့ မိုင်ပေါင်း (၁,၂၀၀) ကို ခရီးနှင်ခဲ့ရတယ်” ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ကာ ကွင်းအတွင်း ရောက်ရှိနေခဲ့ပေမယ့် မက်ဆီကတော့ အဆိုပါပွဲမှာ ကစားနိုင်ခဲ့ခြင်းမရှိသလို အာဂျင်တီးနားမှာသာ ပြီးခဲ့တဲ့ စနေနေ့က မက်ဆီရိုဒရီဂွက်ဇ်ရဲ့ ဂုဏ်ပြုနှုတ်ဆက်ပွဲကို ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါပွဲမှာ မက်ဆီရဲ့ အင်တာမိုင်ယာမီကလည်း Philadelphia ကို ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး အဆိုပါ ပရိသတ်အတွက်တော့ ရောက်မောကြီး ဖြစ်ခဲ့ရပါတယ်။ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကတော့ “နယူးဝဲလ် ပရိသတ်ပေါင်း (၄) သောင်းလောက်က မနေ့ညက မက်ဆီကို မြင်တွေ့ခံစားခွင့်ရခဲ့ပေမယ့် ဒီပရိသတ်ကတော့ သနားဖို့ကောင်းခဲ့ပါတယ်” “ဒါက တကယ်ကို အကျိုးမရှိတဲ့လုပ်ရပ်ပါပဲ” “သူ့အတွက် စိတ်မကောင်းပေမယ့် ဒီပရိသတ်အနေနဲ့ ဒီပွဲမှာ မက်ဆီ မကစားနိုင်တာကို သိခဲ့သင့်ပါတယ်” လို့ အမျိုးမျိုး မှတ်ချက်ပြုခဲ့ပါတယ်။
မက်ဆီဟာ လာမယ့် ဇူလိုင်လ (၂၁) ရက်နေ့မှာ ကစားမယ့် Cruz Azul နဲ့ Leagues Cup အုပ်စုပွဲမှသာ အင်တာမိုင်ယာမီအတွက် ပထမဆုံးပွဲဦးထွက်အဖြစ် ပါဝင်ကစားပေးဖွယ်ရှိပါတယ်။ ဒီအကြောင်းကိုလည်း အင်တာမိုင်ယာမီ အသင်းပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ ဂျော့ချ်မက်စ်က သီးသန့်အစည်းအဝေးတစ်ခုမှာ အတည်ပြုထားကြောင်း သိရှိရပါတယ်။
အဆိုပါပွဲကိုတော့ ပရိသတ်ပေါင်း (၁၈,၀၀၀) ဆံ့ကွင်းမှာ ကစားသွားမှာဖြစ်ပြီး လက်မှတ်ဝယ်လိုအား များပြားနေတာကြောင့် အပိုခုံပေါင်း (၃) ထောင်ခန့်အထိ ထပ်တိုးထည့်သွင်းရဖွယ်ရှိပါတယ်။ မက်ဆီရဲ့ အင်တာမိုင်ယာမီပွဲဦးထွက်အတွက် ဝက်ဘ်ဆိုက်တွေပေါ်မှာ ပြန်လည်ရောင်းချနေတဲ့ လက်မှတ်စျေးနှုန်းတွေကလည်း အမေရိကန်ဒေါ်လာ (၂) သောင်းအထိ စျေးပေါက်နေကြောင်း သိရှိရပါတယ်။