မက်ဆီက Adidas အတွက် ကြော်ငြာရိုက်ကူးပေးရင်း စကေးပြထားတာပါ။

မက်ဆီ သူ့ရဲ့အင်စတာဂရမ်မှာ နောက်ဆုံးတင်ထားတဲ့ ဗီဒီယိုဟာ လုပ်ကြံဖန်တီးထားတာဖြစ်ပြီး အစစ်အမှန်မဟုတ်ဘူးလို့ ဘောလုံးပရိသတ်အချို့ကဆိုပါတယ်။ မက်ဆီဟာ သူ့ရဲ့အင်စတာဂရမ်မှာ ဘောလုံးသုံးလုံးကို ပုံးတခုအတွင်းဝင်အောင် ဆက်တိုက်ကန်သွင်းပြထားတဲ့ ဗီဒီယိုကိုတင်ထားခဲ့တာပါ။



အသက် (၃၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီက Adidas ရဲ့ Diamond Edge ဖိနပ်အသစ် ကြော်ငြာအတွက် ဒီဗီဒီယိုကို ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။ မက်ဆီက ဘောလုံးသုံးလုံးကို ခပ်ဝေးဝေးကနေ ကန်သွင်းခဲ့ပေမယ့် တလုံးမှ လွဲချော်ခဲ့ခြင်းမရှိဘဲ လိုရာပုံးထဲကို ရောက်ရှိခဲ့ပြီး ပရိသတ်တွေကလည်း သူ့ရဲ့ စွမ်းရည်နဲ့ပတ်သက်လို့ ချီးကျူးခဲ့ကြပါတယ်။



ဒီဗီဒီယိုရဲ့ ကပ်ရှင်အဖြစ်နဲ့ မက်ဆီက “၁ ၂ ၃ Adidas ရဲ့ Diamond Edge က ကောင်းမွန်တဲ့ ခံစားမှုကို ရရှိစေပါတယ်” လို့ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် Adidas ကလည်း ကောမန့်မှာ “GOAT ရဲ့ အရာတွေပဲ” လို့ မက်ဆီကို ထာဝရအကောင်းဆုံးကစားသမားအဖြစ် ပြန်လည်တုံ့ပြန်ရေးသားခဲ့ပါတယ်။ ပရိသတ်တွေက “အရိုးရှင်းဆုံးက အကောင်းဆုံးပဲ” “ကိုယ့်လူတွေရေ။ ဒီလူ ကိုယ်တိုင်ကိုက ဘောလုံးဖြစ်နေပြီ” အစရှိသဖြင့် ကောင်းမွန်တဲ့မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

ဒါပေမယ့် ပရိသတ်အချို့ကတော့ ဒီဗီဒီယိုက တကယ့်အစစ်အမှန်လို့ မယုံကြည်ဘဲ အတုအယောင်တခုအနေနဲ့ ဖန်တီးထားသာဖြစ်တယ်လို့ ယူဆနေပါတယ်။ ပရိသတ်တွေက “ဒီဗီဒီယိုက အတုကြီးပါ။ Adidas အတွက် ကြော်ငြာဖန်တီးပေးရုံသပ်သပ်ပါ” “မက်ဆီက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားပါ။ ဒါပေမယ့် ဒီဗီဒီယိုကတော့ အတုပါပဲ” လို့ ရေးသားခဲ့ကြပါတယ်။

ဒီဗီဒီယိုကို ရိုက်ကူးထားတဲ့နေရာမှာ ကင်မရာရှုထောင့်က ပြောင်းလဲသွားခဲ့ခြင်းမရှိဘဲ တသမတ်တည်းသာ ရိုက်ကူးထားတဲ့အတွက်လည်း အတုအယောင်ဗီဒီယိုလို့ သက်သေပြဖို့ကလည်း ဖြစ်နိုင်ခြေနည်းပါးနေပါတယ်။ 

Share

Loading Next Article...
က္က