ကလာမောင့်နဲ့ပွဲအပြီးမှာ နေမာက ပြောကြားသွားခဲ့တာပါ။

မနေ့ညက ကလာမောင့်ကို အဝေးကွင်းမှာ ၁-၆ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ပီအက်စ်ဂျီတိုက်စစ်ကစားသမား နေမာက သူနဲ့အတူ မက်ဆီ၊ အမ်ဘာပေတို့နှစ်ယောက် အခုမှ ပုံစံကောင်းရတာက ရှက်ဖို့ကောင်းတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။



မနေ့ညကပွဲမှာ နေမာနဲ့အမ်ဘာပေနှစ်ယောက်လုံး ဟက်ထရစ်ရရှိခဲ့ပြီး မက်ဆီကလည်း ဂိုးဖန်တီးမှုအနေနဲ့ကြည့်ရင် ဟက်ထရစ်ရရှိခဲ့တယ်လို့ဆိုရမှာပါ။ ဒီလိုမျိုးသုံးယောက်ကြား နားလည်မှုရှိရှိနဲ့ ကစားနိုင်တာ ကျေနပ်စရာဆိုပေမယ့် လက်ရှိအချိန်မှာ ပီအက်စ်ဂျီအတွက် အဓိကမျှော်လင့်စရာ ဆုဖလားကလည်း ပြင်သစ်လီဂူး အမှတ်ပေးချန်ပီယံဆုပဲရှိပါတော့တယ်။

အထူးသဖြင့် မက်ဆီနဲ့နေမာတို့ဟာ ပုံစံကောင်းတွေ ပျောက်ဆုံးခဲ့တာကြောင့် ချန်ပီယံလိဂ်က ထွက်ရပြီးနောက် ပီအက်စ်ဂျီပရိသတ်တွေက ဒီကစားသမားနှစ်ယောက်ကို ပြန်လည်လှောင်ပြောင်ခဲ့ကြပါတယ်။ ပီအက်စ်ဂျီအတွက် ပြည်တွင်းလိဂ်ကတော့ လယ်သမားလိဂ်လို့ဆိုရလောက်အောင်ကို ပြိုင်ဘက်မရှိဘဲ ဒုတိယနေရာက ရန်းနက်စ်ကိုလည်း (၁၂) မှတ်အထိ ဖြတ်ထားတာပါ။

ကလာမောင့်ကို နိုင်တဲ့ပွဲအပြီးမှာတော့ နေမာက “အရင်ဆုံးပြောချင်တာက ဒီညပွဲနိုင်တဲ့အတွက် ကျနော် ပျော်ရွှင်ပါတယ်။ နောက်ပြီး ဟက်ထရစ်ရတဲ့အတွက်လည်း ပျော်ပါတယ်။ ကျနော်တို့က ပိုကောင်းသထက် ကောင်းလာပါပြီ။ အခုဆိုရင် ကျနော်ရယ်၊ အမ်ဘာပေရယ်၊ မက်ဆီရယ်က ရာနှုန်းပြည့် ခြေစွမ်းပြနေပါပြီ”

“ဒါပေမယ့် အခုက ရာသီလည်း ကုန်ခါနီးပါပြီ။ ဒီတော့ ကျနော်တို့အတွက် ရှက်စရာကိစ္စဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့က လိဂ်မှာကျန်နေတဲ့ပွဲတွေကို အနိုင်ကစားသွားပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အမ်ဘာပေကလည်း နေမာရဲ့ပြောစကားကို ထောက်ခံခဲ့ပြီး သုံးယောက်လုံး အခုမှခြေစွမ်းပြနိုင်တာကို ရှက်ဖို့ကောင်းတယ်လို့ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က