မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ PSG တို့ပွဲက မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတွေက အပြင်းအထန် ဝေဖန်နေကြပြီး လက်ရှိအချိန်မှာလည်း ကာရေဂါက ဒီကစားသမားတွေရဲ့ ပြုမူပုံနဲ့ PSG ချန်ပီယံလိဂ်ဖလားရဖို့ အခွင့်အရေးနည်းနည်းတောင်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
ဒီပွဲမှာ မန်စီးတီးက PSG ကို ပွဲချိန်ပြည့် လွှမ်းမိုး တိုက်စစ်ဆင်ခဲ့ပေမယ့် တိုက်စစ်အတွဲ (၃) ယောက်ဖြစ်တဲ့ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ကတော့ ခံစစ်ကို ဆင်းမကူဘဲ PSG က ဂိုးသမားမပါဘဲ ကျန်တဲ့ ကစားသမား (၇) ယောက်နဲ့ ခံစစ်ကို ကစားခဲ့ရတာပါ။ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ ပထမပိုင်းမှာ လမ်းလျှောက်နေတဲ့ ဓာတ်ပုံမှတ်တမ်းတွေကလည်း တော်တော်လေး ဝေဖန်စရာဖြစ်ခဲ့ပါတယ်။
ဒီအပေါ်မှာတော့ ကာရေဂါက “အသင်းအနေနဲ့ ကျန်တဲ့တယောက်ယောက်ကို ဆွဲခေါ်သွားနိုင်မယ်လို့ ကျနော်မယုံကြည်ပါဘူး။ ကျနော်တို့ ချန်ပီယံလိဂ်ရနိုင်တဲ့ အသင်းလေးသင်းအကြောင်း ပြောရအောင်။ မန်စီးတီး၊ လီဗာပူး၊ ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်ပေါ့။ သူတို့အသင်းမှာ တွဲလဲလိုက်ခိုနေတဲ့ ကစားသမားတယောက်မှ မပါဘူးဗျ”
“PSG ကျတော့ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ သုံးယောက်ကို ပြန်ဆွဲခေါ်နေရတယ်လေ။ သူတို့နဲ့ကတော့ ခင်ဗျား ချန်ပီယံလိဂ်ဖလားရဖို့ အခွင့်အရေးတစက်တောင်မရှိဘူး။ မက်ဆီကို နည်းနည်းနားလည်ပေးလို့ရသေးတယ်။ သူ့အသက်က (၃၄) နှစ်၊ အသင်းကိုကယ်ဖို့ နေနေ တခါတလေ သူ့ကိုသူ ပြန်ကယ်နေရတာ။ မက်ဆီရှိလျက်နဲ့ ဘာစီလိုနာတို့ ချန်ပီယံလိဂ်မရခဲ့တာ ဘယ်လောက်ကြာပြီလဲ မမေ့နဲ့ဦး”
“ဒါပေမယ့် အမ်ဘာပေကတော့ ပိုလုပ်နိုင်သင့်တယ်လေ။ သူ့အသက်က (၂၂) နှစ်။ မန်စီးတီးလိုအသင်းမျိုးနဲ့တွေ့ချိန်မှာ နောက်ဆင်းပြီး ခံစစ်ကူရမှာပေါ့။ ဆာလာ၊ မာနေး၊ ဒီဘရိုင်း၊ စတာလင်၊ မာရက်ဇ်၊ မူလာ၊ လီဝန်ဒေါစကီးတို့ ဘယ်လိုဆိုတာ ကျနော်မြင်နေရတာပဲ။ ကျနော် ဒီအပြုအမူမျိုးကို လက်မခံနိုင်ဘူး”
“သူတို့ ဘယ်လောက်ကောင်းကောင်း ကျနော် ဂရုမစိုက်ပါဘူး။ သူတို့က အသင်းအတွက် ကစားပေးနေတာမှမဟုတ်တာ” လို့ အပြင်းအထန်ဝေဖန်သွားခဲ့တာပဲဖြစ်ပါတယ်။