ပီအက်စ်ဂျီအားကစားဒါရိုက်တာ လူးဝစ်ကမ်းပို့စ်ဟာ အာဟာရပညာရှင်နဲ့ တိုင်ပင်ပြီးနောက် အသင်းရဲ့ အဓိက,ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့အပါအဝင် ကစားသမားအားလုံးကို ကိုကာကိုလာနဲ့ လက်ဖက်ရည်အေး သောက်သုံးခွင့်ပိတ်ပင်လိုက်ကြောင်း သိရှိရပါတယ်။ ဒါဟာ ကစားသမားတွေရဲ့ ကွင်းပြင်ပနေထိုင်မှုနဲ့ပတ်သက်လို့ ကြီးမားတဲ့တင်းကျပ်မှုတခုဖြစ်ခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ကိုကာကိုလာနဲ့ (၂၀၂၄) အထိ စပွန်ဆာစာချုပ်ချုပ်ဆိုထားပါတယ်။ ဒါပေမယ့်လည်း ကမ်းပို့စ်ကတော့ ဒါကို မမှုဘဲ ကွင်းတွင်းစွမ်းဆောင်ရည်အတွက် အခုလိုပဲ စည်းကမ်းသတ်မှတ်လိုက်တာပါ။ အဲ့ဒါကြောင့်လည်း ကစားသမားတွေဟာ ထမင်းစားချိန်မှာ ကိုကာကိုလာလိုမျိုး အချိုရည်အပါအဝင် လက်ဖက်ရည်အေးတို့ကို သောက်သုံးခွင့်ရရှိတော့မှာ မဟုတ်ပါဘူး။
လက်ရှိဘောလုံးရာသီကစလို့ ပီအက်စ်ဂျီကစားသမားတွေဟာ မနက်စာနဲ့နေ့လယ်စာကို အသင်းလိုက် အတူတကွ စားသောက်ဖို့ နည်းစနစ်ဒါရိုက်တာ ကမ်းပို့စ်နဲ့ နည်းပြ ဂဲလ်တီယာတို့က စည်းကမ်းသတ်မှတ်ထားကြပါတယ်။ ကမ်းပို့စ်ဟာ အသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီတို့ မျှော်လင့်နေတဲ့ ချန်ပီယံလိဂ်ဖလားမျှော်လင့်ချက်ကို အကောင်အထည်ဖော်ဖို့ အသေးစိတ်ကအစ လိုက်ပါ ဂရုစိုက်နေတာဖြစ်ပါတယ်။
ဒါ့အပြင် ဂဲလ်တီယာဟာ ကစားသမားတွေကိုလည်း နိုက်ကလပ်တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။ ဂဲလ်တီယာဟာ ပဲရစ်မြို့တွင်းက နိုက်ကလပ်တွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ပီအက်စ်ဂျီကစားသမားတယောက်ယောက် ရောက်လာခဲ့ရင် သူ့ဆီ ချက်ချင်းအကြောင်းကြားဖို့ မှာကြားခဲ့ပါတယ်။ အထူးသဖြင့် နေမာက ညဘက် အပြင်ထွက်ပျော်ပါးလေ့ရှိတဲ့ ကစားသမားဖြစ်ပြီး ဂဲလ်တီယာက ဒါကို ထိန်းချုပ်ဖို့ အဓိကကြိုးစားခဲ့ပုံရပါတယ်။
ပီအက်စ်ဂျီက နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ နေမာ၊ အမ်ဘာပေ၊ မက်ဆီတို့ သုံးယောက်ကြားမှာ တင်းမာမှုတွေရှိနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ မောင့်ပယ်လီယာနဲ့ပွဲမှာ ပင်နယ်တီလုကန်ရင်း ပြဿနာဖြစ်ခဲ့ကြပြီး နောက်တခါမှာ ဒီလိုပြဿနာမျိုးကို လူမြင်ကွင်းမှာ မဖြေရှင်းဘဲ သီးသန့်ဖြေရှင်းဖို့ ပီအက်စ်ဂျီဘက်က ညွှန်ကြားထားပါတယ်။