ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ပွဲပါ။

အင်တာမိုင်ယာမီဟာ ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ရှာလော့တီနဲ့ပွဲကိုလည်း အရေးနိမ့်သွားခဲ့ပါတယ်။ ဒီပွဲမှာ အသင်းအတွက် မက်ဆီက ပွဲထွက်ပြန်ကစားပေးခဲ့ပေမယ့်လည်း ၁-၀ နဲ့ အရေးနိမ့်ခဲ့တာပါ။ မက်ဆီက ဘယ်ခြမ်းက ရတဲ့ အလွတ်တည်ကန်ဘောကနေ ဂိုးရလုနီးနီးဖြစ်ခဲ့ပေမယ့် တိုင်ထိထွက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ 



မက်ဆီ ဒဏ်ရာကြောင့် အနားယူရပြီးကတည်းက ရလဒ်တွေမကောင်းတော့တဲ့ အင်တာမိုင်ယာမီက မက်ဆီ ပြန်ကစားပေးတော့လည်း ဒီအတိုင်းပါပဲ။ မက်ဆီပြောင်းရွှေ့လာခါစတုန်းကလို ပုံစံမျိုး ပျောက်ဆုံးသွားပြီး မူလလက်ဟောင်း အင်တာမိုင်ယာမီ ပြန်ဖြစ်သွားပါတယ်။

ပလေးအော့ကစားခွင့်မရတော့လို့ ကစားသမားတွေလည်း စိတ်လျှော့လိုက်လားမသိဘူး။ မက်ဆီအတွက် မေဂျာလိဂ်ပျားရည်ဆမ်းကာလတွေက ပြီးဆုံးသွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ပွဲတွေမှာ သူ တယောက်တည်းနဲ့ ထင်တိုင်းကျဲနိုင်ခဲ့ပေမယ့် အခုတော့ အဲလိုမရတော့ပါဘူး။ သူ့ကို ပစ်မှတ်ထားပြီး ပြိုင်ဘက်ကစားသမားတွေက ကစားလာချိန်မှာ မက်ဆီလည်း တိုင်ပတ်နေခဲ့ပါတယ်။ 

ဘက်ခမ်းအတွက်တော့ မက်ဆီနဲ့အတူ တွဲကစားနိုင်မယ့် ကစားသမားသစ်တွေ လိုအပ်နေပုံပါပဲ။ လက်ရှိကစားသမားတွေက မက်ဆီကောင်းရင် လိုက်ကောင်းမယ်၊ မက်ဆီညံ့ရင် လိုက်ညံ့မယ်ဆိုတာမျိုးတွေဖြစ်နေပြီး မက်ဆီကိုထိရောက်တဲ့ ပံ့ပိုးမှုတွေ လုပ်ပေးနိုင်ဖို့ အားနည်းပါတယ်။ ဒါကိုမပြင်ဆင်နိုင်ရင်တော့ မက်ဆီလည်း အင်တာမိုင်ယာမီကို ဒီထက်ပိုဆွဲတင်နိုင်ဖို့က မလွယ်လှပါဘူး။ 

Share

Loading Next Article...
က္က