အင်တာမိုင်ယာမီဟာ မက်ဆီအတွက် မွေးနေ့ဆုတောင်းပေးရင်း ဒီကစားသမားကြီး သူတို့အသင်းမှာ ဝတ်ဆင်မယ့် ကျောနံပါတ်ကို အရိပ်အမြွက် အသိပေးလိုက်တယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ ဇွန်လ (၂၄) ရက်နေ့မှာ အသက် (၃၆) နှစ် ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ လက်ရှိအချိန်မှာ စာချုပ်အရ ပီအက်စ်ဂျီ ကစားသမားအဖြစ်သာ ရှိနေပေမယ့် အင်တာမိုင်ယာမီကို ပြောင်းရွှေ့မယ့် အကြောင်း အတိအလင်း ဖွင့်ဟခဲ့ပြီးဖြစ်ပါတယ်။ မက်ဆီကို ခေါ်ယူဖို့အတွက် အသင်းဟောင်း ဘာစီလိုနာကလည်း ကြိုးစားခဲ့သေးပေမယ့် ကစားသမားကိုယ်တိုင်က ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကိုသာ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီကလည်း မက်ဆီရဲ့ မွေးနေ့မှာ သူတို့ရဲ့ တွစ်တာအကောင့်ကတစ်ဆင့် “Feliz Cumplio” ဆိုတဲ့ပုံနဲ့အတူ Happy Birthday လို့ အဓိပ္ပာယ်ရတဲ့ ပုံတစ်ခုနဲ့ မက်ဆီကို မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး Cumplio ကို ရေးတဲ့နေရာမှာ “io” အစား “10” နဲ့ ရေးခဲ့တာကြောင့် ဒါက မက်ဆီတစ်ယောက် အင်တာမိုင်ယာမီမှာ ဝတ်ဆင်ရမယ့် ကျောနံပါတ်ဖြစ်လာမယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။
ကျောနံပါတ် (၁၀) ဟာ မက်ဆီရဲ့ မူပိုင်ကျောနံပါတ်တစ်ခုလို့တောင်ဆိုနိုင်ပြီး ဘာစီလိုနာမှာ အဆိုပါ ကျောနံပါတ်ကို ဝတ်ဆင်ရင်း အောင်မြင်မှုတွေ အများအပြား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီကို ရောက်ရှိချိန်မှာတော့ ကျောနံပါတ် (၁၀) ပိုင်ရှင် နေမာက လွှဲပြောင်းပေးသည့်တိုင် မက်ဆီကိုယ်တိုင်က နေမာကို လေးစားမှုထားရှိပြီး ကျောနံပါတ် (၃၀) ကိုသာ ဝတ်ဆင်ကစားခဲ့ပါတယ်။
အခု အင်တာမိုင်ယာမီကို ပြန်လည်ရောက်ရှိချိန်မှာတော့ မက်ဆီက ကျောနံပါတ် (၁၀) ကို ပြန်လည် ဝတ်ဆင်ဖွယ်ရှိနေပါတယ်။ အင်တာမိုင်ယာမီမှာလည်း ကျောနံပါတ် (၁၀) က အာဂျင်တီးနား ကစားသမားဟောင်းကြီး ဟီဂွါအင် အနားယူသွားချိန်ကတည်းက လစ်လပ်နေခဲ့ပြီး မက်ဆီအတွက် အဆိုပါနံပါတ်က အဆင်သင့် စောင့်ဆိုင်းနေပြီလည်း ဖြစ်ပါတယ်။