ဒီနေ့ မနက်အစောပိုင်းမှာ ကစားသွားတဲ့ အင်တာမိုင်ယာမီနဲ့ Cicinnati တို့ရဲ့ပွဲမှာ အင်တာမိုင်ယာမီက အရေးနိမ့်ခဲ့ပြီး မေဂျာလိဂ် ပလေးအော့ဖ် ကစားခွင့်ကို ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ ဒီပွဲရဲ့ ဒုတိယပိုင်း (၅၅) မိနစ်မှာလည်း မက်ဆီ လူစားဝင်ကစားခဲ့ပါတယ်။
ဒါပေမယ့် အင်တာမိုင်ယာမီတို့ လိုအပ်တဲ့ နိုင်ပွဲကို မရှာဖွေနိုင်ခဲ့ဘဲ ဒုတိယပိုင်းမှာ ပေးလိုက်ရတဲ့ တစ်လုံးတည်းသော ပေးဂိုးကြောင့် အခုလိုမျိုးပဲ မေဂျာလိဂ်ပလေးအော့ဖ်နဲ့ လွဲချော်သွားခဲ့ရတာပါ။ အင်တာမိုင်ယာမီဟာ ပြိုင်ပွဲစုံ နောက်ဆုံး ငါးပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာကြောင့်လည်း အခုလိုမျိုး ရင်းနှီးပေးဆပ်လိုက်ရတာပါ။
တိုရွန်တိုကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိပြီးကတည်းက အင်တာမိုင်ယာမီတို့ မေဂျာလိဂ်မှာ အော်လန်ဒိုစီးတီးကို သရေ၊ နယူးယော့ခ်စီးတီးကို သရေကျခဲ့ပြီး ချီကာဂိုနဲ့ အခု Cincinnati တို့ကို ဆက်တိုက် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ မက်ဆီကလည်း အဆိုပါပွဲတွေမှာ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။
အခု Cincinnati နဲ့ပွဲမှသာ လူစားဝင်ကစားသမားအဖြစ် ပြန်ကစားနိုင်ခဲ့ပြီး အသင်းနိုင်ပွဲရရှိအောင် ကယ်တင်ပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ ရှေ့ပွဲတွေမှာ မက်ဆီ မကစားနိုင်ခဲ့တာကြောင့်လည်း အင်တာမိုင်ယာမီတို့ ပရိသတ်တွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။
အဲ့ဒါကြောင့်လည်း ဒီပွဲမှာ အင်တာမိုင်ယာမီတို့ ဒဏ်ရာရနေတယ်လို့ သတင်းထွက်ထားတဲ့ မက်ဆီကို အရဲစွန့် အသုံးပြုခဲ့တာမျိုးဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုပွဲရလဒ်ကြောင့် မက်ဆီအတွက် အားလပ်ရက်ရှည်ရရှိတော့မယ်လို့လည်း ပရိသတ်တွေက လှောင်ပြောင်နေကြပါတယ်။