ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းရဲ့ လာမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွေမှာ နောက်ထပ် နိုင်ငံတကာစံချိန်တစ်ခုကို ရိုက်ချိုးသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ယခုအပတ်မှာ နိင်ငံတကာဘောလုံးသမိုင်းမှာ လက်ရွေးစင်အသင်းအတွက် ပွဲအများဆုံး ကစားပေးထားတဲ့ ကစားသမားဖြစ်လာတော့မှာဖြစ်ပြီး ပေါ်တူဂီအသင်းဟာ ကြာသပတေးနေ့ညမှာ လစ်ချ်တင်စတိုင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။
ဘလွန်ဒေါ ၅ ဆုရှင် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တောက်ပတဲ့ ကစားသမားဘဝအတွင်း နိုင်ငံတကာပွဲစဉ်ပေါင်း ၁၉၆ ပွဲ ပါဝင်ကစားပေးထားခဲ့တာဖြစ်ပြီး ၂၀၁၆ ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီအသင်းကို အောင်မြင်မှုရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကူဝိတ်တိုက်စစ်မှူး အယ်လ်-မူတဝါနဲ့အတူ ပွဲအများဆုံးပါဝင်ကစားပေးထားတဲ့ ကစားသမားအဖြစ် ပူးတွဲရပ်တည်နေတာဖြစ်ပြီး ကူဝိတ်တိုက်စစ်မှူးဟာ လာမယ့်ပွဲစဉ်တွေအတွက် လူစာရင်းထဲကနေ ချန်လှပ်ခံခဲ့ရတာကြောင့် ပေါ်တူဂီကြယ်ပွင့်က လာမယ့်ရက်ပိုင်းအတွင်း စံချိန်သစ် ရေးထိုးနိုင်တော့မှာ ဖြစ်ပါတယ်။
ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ နိုင်ငံတကာဘောလုံးသမိုင်းမှာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ၁၉၆ ပွဲ မှာ ၁၁၈ ဂိုးနဲ့ စံချိန်သစ် ရေးထိုးထားသူဖြစ်ပြီး အီရန်တိုက်စစ်မှူး အလီ ဒါအီက ၁၄၈ ပွဲမှာ ၁၀၉ ဂိုးနဲ့ ဒုတိယ၊ လီယွန်နယ် မက်ဆီက ၁၄၂ ပွဲမှာ ၉၈ ဂိုးနဲ့ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။