မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပီအက်စ်ဂျီတိုက်စစ်ကြယ်ပွင့် မက်ဆီဟာ တစ်နေ့နေ့မှာ ဘာစီလိုနာကို သေချာပေါက် ပြန်မှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးပွဲကို နူးကမ့်ကွင်းမှာ နှုတ်ဆက်ခွင့်ရဖို့ မျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။
မက်ဆီဟာ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီကနေ သေချာပေါက် ထွက်ခွာတော့မှာဖြစ်ပြီး အသင်းဟောင်း ဘာစီလိုနာကို ပြန်မလား၊ ဆော်ဒီကလပ် အယ်လ်ဟီလယ်ကို ပြောင်းရွှေ့မလားဆိုတာတော့ မသေချာသေးပါဘူး။ ဆော်ဒီကလပ်ရဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို မက်ဆီ လက်ခံလိုက်ပြီဆိုတဲ့ သတင်းတွေကိုတော့ မက်ဆီရဲ့ဖခင်ဖြစ်သူက ချက်ချင်း ငြင်းဆန်ထားပါတယ်။
သူ့တပည့်ဟောင်း မက်ဆီရဲ့ အနာဂတ်နဲ့ ပတ်သက်လို့လည်း ဂွါဒီယိုလာက “ကျွန်တော်က ဘာစီလိုနာ ပရိသတ်တစ်ယောက်ပါ။ အခုထိလည်း နူးကမ့်မှာ ကစားတဲ့ပွဲတွေအတွက် လက်မှတ်တွေရနေပါသေးတယ်။ တစ်နေ့နေ့မှာတော့ ကျွန်တော်တို့ မက်ဆီနဲ့ ထိုက်တန်တဲ့ နှုတ်ဆက်မှုမျိုးနဲ့ နှုတ်ဆက်နိုင်ဖို့ မျှော်လင့်ပါတယ်။ သူက ထာဝရအကောင်းဆုံး ကစားသမားတစ်ယောက်ပါ”
“နောက်ဆုံး (၁၂) နှစ်အတွင်း ဘာစီလိုနာရဲ့ ခေတ်တစ်ခုရှိခဲ့ပြီး မက်ဆီသာ မရှိခဲ့ရင် ဒါက မဖြစ်နိုင်ပါဘူး။ ကျွန်တော် ကိန်းဂဏန်းတွေကို ပြောနေတာ မဟုတ်ပါဘူး။ သူ့ရဲ့ ပါဝင်အားထုတ်မှု၊ အလှအပ၊ ထိရောက်မှုနဲ့ အရာအားလုံးပါပဲ။ နူးကမ့်မှာ ကျွန်တော့်အတွက် ထိုင်ခုံတစ်နေရာ ရပြီး မက်ဆီကို မတ်တပ်ရပ်၊ ဂုဏ်ပြုနိုင်မယ့်နေ့ကို ကျွန်တော် မျှော်လင့်ပါတယ်။ ပြီးရင် သူ့အတွက် ထိုက်တန်တဲ့ နှုတ်ဆက်မှုမျိုးပေါ့”
“လာပေါ်တာကလည်း ဒီအတွက် ကြိုးစားမှာဖြစ်ပြီး မက်ဆီလည်း အတူတူပါပဲ။ သူနဲ့ သူ့မိသားစုက ဘာစီလိုနာပရိသတ်တွေရဲ့ ချစ်ခြင်းအားလုံးကို ရရှိထားပါတယ်။ သူ အသင်းအပေါ်ရှိခဲ့တဲ့ ကျေးဇူးတရား၊ လေးစားမှုတွေအတွက်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။