ထရွိုင်ယက်စ်အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာ ပီအက်စ်ဂျီအသင်းပရိသတ်တွေက သူတို့အသင်းအနေနဲ့ မက်ဆီအစား ရော်နယ်ဒိုကို ခေါ်ယူခဲ့သင့်တယ်လို့ တွစ်တာကနေ ရေးသားပြောဆိုနေကြပြီဖြစ်ပါတယ်။ အဆိုပါပွဲမှာ မက်ဆီဟာ ကံဆိုးစွာနဲ့ ဂိုးမရခဲ့ဘဲ သူ့ရဲ့ကန်သွင်းချက်တွေက တိုင်ထိထွက်သွားခဲ့လို့ နစ်နာခဲ့ရပါတယ်။
ပိုချက်တီနိုရဲ့ အသင်းဟာ အထင်ကြီးစရာမရှိဘူးလို့ ပရိသတ်တချို့က ယုံကြည်နေကြပြီး မက်ဆီကလည်း နောက်ထပ်တကြိမ်ဝေဖန်မှုတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဟာ ဒီရာသီမှာ လီဂူးပွဲ ၂၄ ပွဲအထိ ကစားပေးခဲ့ပေမယ့် ၄ ဂိုးတည်းသာ သွင်းယူနိုင်ခဲ့ပြီး ကစားသမားဘ၀ အဆိုးရွားဆုံးရာသီကို ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။
တွစ်တာပေါ်မှာတော့ Gaston ဆိုတဲ့ ပီအက်စ်ဂျီပရိသတ်က "ကျနော်ဒီလိုတွေမပြောချင်ပေမယ့်လည်း မက်ဆီက တကယ်ကိုဆိုးရွားတဲ့ခေါ်ယူမှုပါပဲ၊ ကျနော်တို့က သူ့အစား ရော်နယ်ဒိုကို ခေါ်ယူခဲ့သင့်တာပါ၊ ရော်နယ်ဒိုဆိုရင် ပိုပြီးတော့ကောင်းတယ်၊ လုပ်အားခလည်း သက်သာတယ်၊ ပြီးတော့ အသင်းတွင်းမှာ တခုခုကို ထိန်းချုပ်ပေးနိုင်တဲ့ ကစားသမားလည်းဖြစ်တယ်" လို့ ရေးသားခဲ့ပါတယ်။
Roy Nemer ဆိုတဲ့ ပရိသတ်ကလည်း "မက်ဆီက နောက်တကြိမ်တိုင်ထိပြန်ပြီ၊ သူ ဒီပွဲမှာ ၂ ခါတောင် တိုင်ထိတယ်' လို့ ရေးသားခဲ့ပါတယ်။ Filipe Orlando ဆိုသူကတော့ "နောက်ဆုံးမှာ မက်ဆီက ဘာစီလိုနာရဲ့အပြင်ဘက်ထွက်ပြီး သူ့ကိုယ်သူစမ်းသပ်ဖို့ ဆုံးဖြတ်ခဲ့တယ်၊ သူက ရိုဒရီ၊ ဖာဘင်ဟို၊ ရီဆီဂျိမ်းစ်တို့ထက်တောင်မှ သွင်းဂိုးနည်းနေတယ်၊ ဖာဂူဆန်ပြောခဲ့တာ အမှန်ပဲ" လို့ ပြောဆိုခဲ့ပါတယ်။
ဖာဂူဆန်က ရော်နယ်ဒိုက အသင်းလေးတွေမှာ ကစားရင်လည်း ဟက်ထရစ်သွင်းယူနိုင်မယ့်သူဖြစ်ပြီး မက်ဆီကတော့ မသေချာဘူးလို့ ပြောဖူးခဲ့တာဖြစ်ပါတယ်။